မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြစ်ဆုံတွင် ရွှေတူးဖော်နေသူများထံမှ Covid-19 ပိုးကူးစက်လာမည်ကို ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံအနီးတစ်ဝိုက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေတူးဖော်ရေးလုပ်ငန်းများ တွင်ကျယ်နေပြီး ၎င်းလုပ်ငန်းခွင်မှ လုပ်သားများတွင် Covid-19 ပိုးတွေ့သောကြောင့် နီးစပ်ရာ ဒေသခံများကိုပါ ရောဂါကူးစက်လာမည်ကို စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။

ယခုလအတွင်း အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းခွင်မှ လုပ်သားအချို့ Covid-19 ရောဂါပိုးတွေ့ရှိလာတာကြောင့် နယ်မြေခံ ရွာသားများကိုပါ ရောဂါကူးစက်လာမှာကို အလွန်စိုးရိမ်ကြောင်း မြစ်ဆုံဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ကျမတို့ တန်ဖရဲကျေးရွာမှာ ကိုဗစ်ပိုးတွေ့တာ တစ်ယောက်မှ မရှိသေးဘူး။ တန်ဖရဲနှင့် သူတို့ရွှေတူးဖော်နေရာတွေက ကပ်ရပ်ပဲ ကျေးရွာတွင်းပဲလေ။ ဒါကြောင့် ကျမတို့က ပိုစိုးရိမ်တယ်။ ကျမတို့က အောင်မြင်သာမှာ ပိုးတွေ့တာ ကြောက်လို့ တန်ဖရဲမှာ လာနေနေကြတာကို အဲ့ဒီရွှေမှော်ထဲက ကျင်းသားတွေမှာ ပိုးတွေ့တာဆိုတော့ အဲ့ရွှေမှော် ကလူတွေလည်း ရွာမှာဘဲ ဈေးဝယ် သွားလာလုပ်နေတယ်။ အကယ်လို့ပိုးရှိတဲ့သူက ရွာတွင်းလျှောက်သွားနေရင် ရောဂါပိုး လိုက်ဖြန့်နေသလို ဖြစ်တာကြောင့် ကျမတို့ စိုးရိမ်နေတာဖြစ်တယ်။” ဟု မြစ်ဆုံဒေသခံတစ်ဦး ကပြောသည်။

ရွှေတူးဖော်ရေးနေရာသို့ ကျင်းသားအဖြစ်သွားရောက်လုပ်ကိုင်သော ကျိန်ခရန် နှင့် အောင်မြင်သာ ကျေးရွာမှ လူငယ်တစ်ချို့မှာ ဖျားနာပြီး ပြန်လာရာ ကိုဗစ်ပိုးတွေ့ရှိကြောင်း သူက ပြောသည်။

ကိုဗစ်ပိုး ကူးစက်ပျံ့နှံနေချိန် ရွှေတူးဖော်လုပ်ငန်းကို ရပ်နားထားစေလိုကြောင်း သို့မဟုတ် ကိုဗစ်ပိုးတွေ့ ကျင်းသားများကို အိမ်သို့ မပြန်စေပဲ တာဝန်ယူပြီး အဆိုပါနေရာမှာတင် Lockdown ထားရှိစေလိုကြောင်း တောင်းဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာ၏လုပ်ပိုင်ခွင့်ဖြင့် မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများအသုံးပြုကာ ရွှေတူးဖော်လာနေကြောင်း ဒေသခံတစ်ဦးက KNG ကို ယခုလို ထပ်ပြောသည်။

“ အာဏာသိမ်းပြီးနောက် တူးဖော်လာတယ်။ သူတို့တူးဖော်နေတာကြောင့် ဒေသခံပြည်သူတွေအတွက် ဘာအကျူးပေးတာမျိုးလည်း မရှိဘူး။ အဲ့ဒီနေရာတွေက အရင်ကတည်းက ဒေသခံပြည်သူတွေ အနည်းအကျင်း တူးတာတွေရှိပေမဲ့ စက်ယန္တရားကြီးတွေနှင့် ဘယ်သူမှမတူးဘူး။ အခုလို စက်ကြီးတွေနဲ့တူးတော့ မြေနေရာတွေ အကုန်ပျက်ဆီးလာမယ်။ မြစ်ဆုံနားက စားသောက်ဆိုင်တွေရှိတဲ့ နေရာတွေက နောက်ဆို ရွှေကျင်းတွေပဲဖြစ်လာတော့မယ်။ အကုန်ပျောက်လာနိုင်တယ်။ ဒီလိုစက်ကြီးတွေနဲ့ တူးနေကြတော့ ပတ်ဝန်းကျင်အမြန် ထိခိုက်ပျက်ဆီးမှုဖြစ်လာတော့မှာ။ ဒီလို ပတ်ဝန်ကျင်ထိခိုက်အောင် လုပ်တာတော့ ကျနော်တို့ ဒေသခံပြည်သူတွေ ဘယ်သူမှ မလိုလားဘူးဆိုတာပြောချင်တယ်။” ဟု မြစ်ဆုံဒေသခံတစ်ဦးကပြောသည်။

ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မြစ်ဆုံဒေသခံများသည် အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွှေ့ပြောင်းခံရခြင်းဖြစ်ပြီး စားဝတ်နေရေးအခက်အခဲနှင့် ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်တာကြောင့် မိမိကျေးရွာ မြစ်ဆုံဒေသို့ ပြန်လာနေထိုင်သူများလည်း ရှိနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button