စစ်ပြေးဒုက္ခသည်များသတင်း

စစ်ကောင်စီက ရိက္ခာလမ်းကြောင်း ပိတ်ထားသဖြင့် မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်တွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ တရုတ်နိုင်ငံ နယ်စပ် စစ်ရှောင်တွေအတွက် ရိက္ခာလမ်းကြောင်းကို စစ်ကောင်စီက ဖြတ်တောက်ထားတာကြောင့် စစ်ရှောင်တွေဆီ အကူအညီ မရောက်နိုင်ပဲ ခက်ခဲနေတယ်လို့ မုံးကိုးဒေသခံ တစ်ဦးက ပြောပါတယ်။

“ပစ္စည်းတင်လာရင် ပေးမသွားဘူး။ ပစ္စည်းတင်တာတောင် ရိုးရိုး ဆိုင်ကယ်စီးပြီး အိတ်ခွံပဲ ညှပ်လာရင်တောင် ပြန်လှည့်ခိုင်းတယ်။ အဲလိုမျိုး ပြဿနာရှိတယ်။ အခက်အခဲက အမျိုးမျိုးပဲ။ စစ်ရှောင် ဆိုတော့။ ရိက္ခာက ကောင်းကွေ အနီးစခန်း ဆိုတဲ့ နေရာမှာလည်း ပိတ်ထားတယ်။ မူဆယ်ဘက်ကတော့ ရောက်နိုင်တယ်။” လို့ သူက ပြောပါတယ်။

စစ်ရှောင်တွေအတွက် ဆန်အလှူခံထားတာ ရှိပေမယ့် ကူညီထောက်ပံ့မယ့်ပစ္စည်းတွေကို မုံးကိုးဘက်က လုံးဝ ပို့လို့မရလို့ မြို့ထဲမှာပဲ သောင်တင်နေတယ်ုလို့ ဆိုပါတယ်။

“ပိုက်ဆံပဲ ပေးလို့ရတယ်။ ပိုက်ဆံလှူရင်ကျတော့ သူတို့ တရုတ်ဘက် က သွားဝယ်ရတယ်။ သူတို့ ပိုက်ဆံ အလှူရရင် စစ်ရှောင် ကော်မတီအနေနဲ့ တရုတ်နိုင်ငံဘက်မှာရှိတဲ့ ကချင်တိုင်းရင်းသားတွေဆီ အကူအညီတောင်းပြီး အစား အသောက် မှာယူရတယ်။ ဒါကြောင့် စားနိုင်တာ။” လို့ စစ်ရှောင်တွေကို ကူညီခဲ့တဲ့ မုံးကိုးမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

အကူအညီပေးတဲ့ အသင်းအဖွဲ့ တွေဆီ တောင်းခံထားပေမယ့် လက်ရှိထိ မရကြောင်း  “အဖွဲ့အစည်းအနေနဲ့ လှူဒါန်းတာ မရှိဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုလှူတာ။ ယဉ်ကျေးမှုအဖွဲ့နဲ့ တခြားသူတွေဆီက ရသလောက် အလှူခံပြီး ကူညီတာ” လို့ သူက ရှင်းပြပါတယ်။

“စစ်ရှောင်စခန်း သွားတဲ့ အချိန်မှာ ဖုန်းယူသွားခွင့် မပေးဘူး။ ရွာခံတွေဆီက ဖုန်းငှားပြီး ရိုက်ပြီး ပြန်ယူရတာ။” လို့ မှတ်တမ်းယူနိုင်ဖို့လည်း ခက်ခဲကြောင်း သူက ပြောပါတယ်။

စစ်ရှောင်တွေရဲ့ ကျေးရွာတွေမှာ အခုချိန်ထိ စစ်တပ်က တပ်စွဲထားတာဖြစ်ပြီး အများစုက ရွာထဲကို မပြန်ရဲကြသေးဘူးလို့ ဖောင်းဆိုင်ရွာခံတစ်ဦးက ဆိုပါတယ်။

“စစ်ရှောင်တွေက အိမ်ပြန်လို့မရဘူး။ စစ်ကောင်စီက ရွာကလူတွေကို မပြန်ခိုင်းဘူး ရွာကို။ ရွာက လူတွေပြန်ရင် ကျွန်တော်တို့ တခြားတိုင်းရင်းသား လက်နက်ကိုင်တွေကို ရွာမှာ ထားထားတယ်ဆိုတဲ့ စွပ်စွဲလို့ အိမ်ကို ပြန်နေလို့မရဘူး။ စစ်ကောင်စီက ရွာပြန်ရင် ပစ်မယ် လို့ သတင်း ထုတ်ထားတယ်။ ကျွန်တော်တို့ မုံးကိုး ဖောင်းဆိုင် ဘက်က အရမ်းခက်ခဲတယ်။ အစား အသောက်ရော၊ ဆေးဝါးတွေရော၊ ပြီးကျတော့ မိုးကြီးရွာရင် မိုးကာတွေလည်း လိုတယ်။ အရမ်းဖျားတာတော့မရှိဘူး။ စားနပ်ရိက္ခာပဲ ခက်ခဲနေတယ်။” လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ကတည်းက ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေ့ ရွာတို့မှ ပြည်သူ ၂၀၀ ခန့် ရွာတွေထဲ နေလို့ မရတော့တဲ့အတွက် တရုတ်နယ်စပ်အနီးရှိ တောတောင်တွေဘက် ထွက်ပေး တိမ်းရှောင်ပြီး ဖြစ်သလို တဲထိုးနေထိုင်ကြရကာ မိုးကြီးရင် နေစရာတဲ‌ တွေက မိုးမလုံပဲ ပိုခက်ခဲပြီး ဒုက္ခရောက်နေတာကြောင့် လူသားချင်း စာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အကြား ကြူကုတ် (ပန်ဆိုင်း) နီးနားမှာ တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒေသခံ ၁၄၀၄ ဦး မြန်မာ-တရုတ်နယ်စပ် လယ်ကွင်းမှာ ယာယီ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button