လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကြူကုတ် (ပန်ဆိုင်း) အနီး စစ်ကောင်စီ MNDAA တိုက်ပွဲကြောင့် အရပ်သား ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကြူကုတ် (Bang Sai) အနီး ဩဂုတ်လ ၃၀ ရက်နေ့ စစ်ကောင်စီ MNDAA တို့အကြား တိုက်ပွဲကြောင့် အရပ်သား ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံးကြောင်း ဒေသခံများပြောသည်။

ကျည်ထိမှန်သေဆုံးသွားသူ ၂ ဦးမှာ ကြူကုတ် (ပန်ဆိုင်း) မြို့ ရပ်ကွက် (၄) မှ တရုတ်လူမျိုး သားအမိ ဖြစ်ကြောင်း ပန်ဆိုင်းမြို့ခံ များဆိုသည်။

“သူတို့က ပန်ဆိုင်း ရပ်ကွက် (၄) အိမ်ကနေ ဖိုင်ကောင်း ရေပူစမ်းရွာက အိမ်ကို ပြန်တာ။ အဲလမ်းမှာ ထိသွားတာ။ သူ့အမေက ဒိန်ဖါ့လိန် (Ding Fa Ling) အသက် ၃၀ ကျော်။ သူ့သမီးက ဂျော်ဝ်ကျာဖဲန် (Hau Kya Fen) ၁၇ နှစ်။” ဟု သူကပြောသည်။

ဩဂုတ်လ ၃၀ ရက်နေ့ စစ်ကောင်စီနှင့် MNDAA တို့ကြား မနက် ၁၀ နာရီခန့်ကနေ ညနေ ၆ နာရီ မိုးချုပ်ခါနီး အထိ တစ်နေကုန်တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့ကလည်း မုံးကိုး နော့ဂူ နဲ့ မန်မောဝ်ဘက်တွင် စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း မုံးကိုး  ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့အပတ် ရှမ်းမြောက် တရုတ်နယ်စပ်အနီး တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့သော ပြည်သူ ၆ ဦးရှိခဲ့ပြီး နောက်ထပ် ၄ ဦးမှာ ဩဂုတ်လ ၂၉ ရက်နေ့ မုံးကိုး နမ့်ဟာကျေးရွာမှ ဒေသခံများဖြစ်သည်။

မုံးကိုးမြို့နယ်တွင် ဇွန်လဆန်းပိုင်းကစ လက်ရှိထိ စစ်ကောင်စီ နှင့် MNDAA တို့ အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသောကြောင့် ဒေသခံများမှာ ဖောင်းဆိုင်ဖက် ၁၉၀ ကျော်၊ မုံးကိုးမြို့ ၆၀၀ ဝန်းကျင်နဲ့ ကြူကုတ် (ပန်ဆိုင်း) ဘက် ၁၄၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း သိရသည်။

Bum Shep

Show More

Related Articles

Back to top button