သတင်း

ဖားကန့်မြို့နယ် တိုက်နယ်ဆေးရုံများဖွင့်လှစ်နိုင်ရေးအစည်းအဝေးပွဲ အသံမိုင်းကြောင့် ပျက်ပယ်

ဖားကန့်မြို့နယ်ရှိ တိုက်နယ်ဆေးရုံများကို စစ်ကောင်စီလက်အောက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံးခင်းတိုက်နယ်ဆေးရုံဝင်းတွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ရန် စီစဉ်ထားချိန် အသံမိုင်း ပေါက်ကွဲခဲ့သဖြင့် အစည်းပျက်ပယ်သွားကြောင်း သိရသည်။

စစ်ကောင်စီ၏ညွန်ကြားချက်နှင့်အညီ အစည်းအဝေးကို စက်တင်ဘာလ ၆ ရက်နေ့ ပြုလုပ်ရန်စီစဉ်ထားချိန် ယမန်နေ့ည ၇ နာရီခန့်တွင် လုံးခင်းတိုက်နယ်ဆေးရုံးဝင်းအတွင်းအသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဖားကန့် ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“စစ်ကောင်စီက တိုက်နယ်ဆေးရုံတွေ ပြန်လည်ပတ်ဖို့ ညွန်ကြားထားတယ်လို့ကြားတယ်။ အဲ့ဒါကို ဒီကနေ့ အစည်းအဝေးလုပ်ပြီး ပြန်လည်ပတ်ဖို့လုပ်နေကြတယ်။ ဒါပေမယ့် အစည်းအဝေးလုပ်မယ့် နေရာ လုံးခင်းတိုက်နယ်ဆေးရုံဝင်း ဝန်ထမ်းအိမ်ရာမှာ အသံတစ်လုံး ပေါက်ကွဲခဲ့တယ်။ ဒါကြောင့် ဒီကနေ့ အစည်းအဝေးမလုပ်ဖြစ်တော့ဘူးလို့ သိရတယ်” ဟုပြောဆိုသည်။

တိုက်နယ်ဆေးရုံးများ ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက ဒေသခံရပ်မိရပ်ဖများကို အတင်းအဓ္ဓမဖိအားပေးကာ ပြန်လည်ဖွင့်လှစ်ခိုင်းသည့် သဘောရှိနေပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမြင်မတူ ကန့်ကွက်မှုများရှိနေသလို တစ်ချို့မှာ ဖွင့်လှစ်ရန် သဘောတူမှုရှိနေကြောင်း သူက ဆက်ဆိုသည်။

စစ်ကောင်စီက ဖားကန့်မြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ဆေးရုံးများကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

ဖားကန့်မြို့နယ်တွင် လုံးခင်းတိုက်နယ်၊ တာမခန်တိုက်နယ်နှင့် ဘန်ကောက်တိုက်နယ်စသော တိုက်နယ်ဆေးရုံ ၃ ခုရှိနေပြီး လုံးခင်းတိုက်နယ်ဆေးရုံကို ပထမဆုံးအကြိမ်ဖွင့်လှစ်ခဲ့ပြီးနောက် ကျန်ရှိသော တိုက်နယ်များကို ပြန်ဖွင့်လှစ်ရန် စစ်ကောင်စီအဖွဲ့က ကြိုးပမ်းနေကြောင်း သိရသည်။

ပြီးခဲ့သော ဩဂုတ်လ နောက်ဆုံးပတ်ကလည်း ဖားကန့်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို မြို့နယ်ကျော်လွန်ပြီး လူနာပို့ဆောင်သည့် လုပ်ငန်းများကို မပြုလုပ်ကြရန် စစ်တပ်က တားမြစ်စာထုတ်ပြန်ထားကြောင် ဒေသခံပြည်သူများမှ သိရသည်။

အဆိုပါ တိုက်နယ်ဆေးရုံး ၃ခုမှာ စစ်တပ်က အာဏာသိမ်းကတည်းက ကျန်းမာရေးဆေးဝန်ထမ်းများက CDM ပြုလုပ်သွားသဖြင့် ဆေးရုံပိတ်ထားသည်မှာ ၇ လကျော်လာပြီ ဖြစ်သည်။

ပြီးခဲ့သည့်လ ကိုဗစ် တတိလှိုင်းပြင်းထန်စဉ်ကလည်း ရောဂါကြောင့် လူသေဆုံးမှုများလာသောကြောင့် ဖားကန့်မြို့နယ် တာခန်ကျေးရွာ ဒေသခံပြည်သူများက ဦးစီးကာ ဆေးရုံတစ်ခုဖွင့်လှစ်ခဲ့ကြကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button