သတင်း

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

တနိုင်းဘက်မှ တရုန်သို့ ဦးတည်ကာ ကုန်တင်ကားအသွင်ယူပြီး စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက် ယနေ့နေ့လည် ၁၂ ဝန်းကျင်တွင် စစ်ကောင်စီတပ် အင်အား ၃၀ ခန့်ပါသော ဒိုင်နာကားတစ်စီးကို တရုန်ကျေးရွာမရောက်မှီ တဝမ် (Ta Wang Mare) နှင့် ပန္နက် (Pa Nep Mare) ကျေးရွာကြား တံတားအနီးတွင် KIA က ကြားဖြတ် မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

“အခု မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ကားက ဒီမနက်ဘဲ တနိုင်းဘက်ကတက်လာတဲ့ ကားဖြစ်တယ်လို့သိရတယ်။ အဲ့ကားထဲမှာ စစ်သားတွေ ၃၀ ကျော်လောက်ပါတယ်။ KIA က သိပြီး မိုင်းခွဲတိုက်ခိုက်လိုက်တယ်။ မိုင်းခွဲခံရတဲ့ ဒိုင်နာကားက တစ်စစီ ပျက်စီးသွားပြီ။ ကားပေါ်မှာပါတဲ့ စစ်သားတွေလည်း ထိခိုက်သေဆုံးတာတွေလည်း ပါနိုင်တယ်။ အသေးစိတ်က ကျနော်တို့လည်း မသိရသေးဘူး” ဟု ပြောဆိုသည်။

KIA ၏ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က ထိုနေရာအနီးတစ်ဝိုက်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အဖွဲ့က တရုန်းကျေးရွာဘက်သို့ စစ်အင်အား ပုံမှန်တိုးချဲ့နေပြီး လက်ရှိတွင် တရုန်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် စစ်အင်အား ၂၀၀ ကျော်ခန့် တပ်စွဲနေထိုင်လျက်ရှိနေကြောင်း တရုန်ဒေသခံများ ပြောဆိုချက်မှ သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း ရှင်ဗွေယန်၊ နန့်ယွန်းနှင့် ခလုန်း စသည့်ဒေသများမှ စစ်ကောင်စီ စစ်ကြောင်းများသည် တရုန်ဘက်သို့ စစ်အင်အားတိုးချဲ့ထားကြောင်း သိရသည်။

တရုန်နှင့်တခက် ကျေးရွာအနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုပုံမှန်ရှိနေဆဲဖြစ်ကာ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများပြောသည်။

တစ်ဖက်တွင်လည်း တရုတ်ရှိ စစ်ကောင်စီတပ်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် စစ်ကောင်စီက ကျေးရွာအတွင်း ဘာသာရေးခေါင်းဆောင်များမှတဆင့် KIA ထံ အကြောင်းကြားခိုင်းထားသည်ဟု သိရသည်။

Show More

Related Articles

Back to top button