သတင်း

ကသာ တိုက်ပွဲသတင်းများ အလျင်စလို မတင်ပေးကြရန် Katha PDF အဖွဲ့ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲသတင်းများကို အလျင်စလို မတင်ပေးကြရန်နှင့် တိုက်ပွဲသတင်းများကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ထုတ်ပြန်သွားမည်ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ် PDF က စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။

“ကသာတွင်ဖြစ်တဲ့ တိုက်ပွဲသတင်းများကို အလျင်စလိုမတင်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။ Operation များမပြီးပြတ်သေးသောကြောင့် အခက်အခဲများမပေါ်ပေါက်စေရန် သတိပြုကြစေခြင်ပါသည်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းများကို ထုတ်ပြန်ပေးပါမည်။ ကသာ PDF အနေဖြင့် လိုအပ်သည့် မြေပြင်သတင်းများကို MOD သို့ပေးပို့ထားပြီဖြစ်ပါသည်” ဟု People’s Defense Force-Katha အမည်ရှိ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ထိုနောက် ကသာ ဗန်းမော်လမ်းပိုင်းနှင့် ကသာအထက်ဘက် လမ်းကြောင်းတွင် သွားလာသော ခရီးသွားပြည်သူများအနေဖြင့် သတိထားခြင်းဖြင့် သွားလာကြရန် ယမန်နေ့ညတွင် ထပ်မံရေးသား ထုတ်ပြန်ထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန စက်တင်ဘာလ ၂၀ ရက်နေ့ည ထုတ်ပြန်ချက်အရ ကသာမြို့နယ် မိုးဒါးတိုက်နယ်အနီးတဝိုက်တွင် စစ်အင်အား တိုးချဲ့လာသည့် အာဏာသိမ်းအဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ကသာ PDF တို့ပူပေါင်းကာ ယမန်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက် ၄၀ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားသည်။

ကသာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်ပွားခဲ့တာမှန်ပါတယ်။ KIA နဲ့ ကသာ PDF တို့က စစ်အင်အားတိုးချဲ့လာတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၇၀ လောက်ရှိတာကို ၁၀ ယောက်လောက်ဘဲ လွတ်တယ်လို့ကြားတယ်”ဟု PDF နှင့်နီးစပ်သည့် ကသာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

ကသာမြို့နယ်နှင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းအစပ်တွင်တည်ရှိပြီး ဧရာဝတီမြစ်ဘေးတွင်ရှိသော မြို့ဖြစ်သောကြောင့် စစ်ကောင်စီက ကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့ရန် ဖြတ်သန်းသွားလာနေသော ဒေသတစ်ခုလည်း ဖြစ်သည်။

အဆိုပါဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅ လှုပ်ရှားသော နယ်မြေဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button