သတင်း

စစ်ကောင်စီ ရိက္ခာသယ်ကား အစီ ၄၀ ကျော် မိုးကောင်းမှ တနိုင်းသို့ တက်သွား

စစ်ကောင်စီ၏ စစ်ရိက္ခာသယ်သော စစ်ကား ၄၀ ခန့်သည် လုံခြုံရေးအပြည့်ဖြင့် မိုးကောင်းမှ တနိုင်းဘက်သို့ ဦးတည်ကာ ယနေ့ နံနက် ၁၀ နာရီခန့်က ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် အဆိုပါ စစ်ရိက္ခာများကိုသယ်ယူနိုင်ရန်အတွက် နမ္မတီးမြို့အနီးရှိ မရမ်ကထောင်စစ်တပ်ဂိတ်မှ ဒွမ်ဘန်ကျေးရွာအထိ စစ်အင်အား ၂၀၀ နီးပါးကို လုံခြုံရေးချထားပြီးနောက် မိုးကာအုပ်ထားထားသည့် စစ်ကားများ တနိုင်းဘက်သို့ တက်သွားသည်ကို မြင်တွေ့ခဲ့သည်ဟု မျက်မြင်သက်သေ လဝါးဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုးကာအုပ်ထားတဲ့ စစ်ကားတွေကြီးဘဲ။ အစီး ၄၀ လောက်ရှိတယ်။ တနိုင်းဘက် ကားလမ်းမ အတိုင်းတက်သွားပြီ။ နောက်ဆုံး စစ်အစီးမှာ စစ်သားတွေအပြည့်ဘဲ။ အခုဆို ဒွမ်ဘန်တောင် ကျော်သွားပြီထင်တယ်။ လမ်းမကြီး တစ်လျှောက် စစ်သားတွေ လုံခြုံးရေးယူထားကြတယ်” ဟု ပြောဆိုသည်။

တနိုင်း လီဒိုလမ်းမကြီးတစ်လျှောက် လဝါး၊ ခွမ်ဆိုင်ယန်နှင့် ဒွမ်ဘန်အနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ် စစ်အင်အား ၁၀၀ ဝန်းကျင်က တပ်စွဲထားကာ ခရီးသွားပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေပြီး KIA ရှိသည်ဟု ယူဆရသည့် နေရာများဘက်သို့ လက်နက်ကြီးများပုံမှန် ပစ်ထည့်နေသည်ဟု သူကဆက်ဆိုသည်။

ထို့သို့ကျေးရွာအတွင်း လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်နေသောကြောင့် ခွမ်ဆိုင်ယန်ကျေးရွာ ဒေသခံ အိမ်ခြေ ၁၅၀ ခန့်က တိုက်ပွဲဖြစ်ပွားလာပြီး လက်နက်ကြီး ထိခိုက်မည်ကို စိုးရိမ်သဖြင့် လဝါးကျေးရွာဘက်သို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။

တနိုင်းဘက်ကို ဦးတည်ကာ စစ်အင်အားတိုးချဲ့လာသည့်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စက်တင်ဘာလ ၂၃ ရက်နေ့မှစကာ မရန်ကထောင်နှင့် မကောက်ဇွပ် ၂ခုကြားတွင် ပထမအကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ တနိုင်းသွား လမ်းမပေါ်တွင် တစ်ပတ်အတွင်း အပြန်အလှန်ပစ်ခတ်မှုမှာ ၃ ကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button