သတင်း

ပင်လည်ဘူးမြို့နယ် ကျေးရွာပေါင်း ၁၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၁၀ ရွာမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ပင်လည်ဘူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီဘက်မှ လေယာဉ်နဲ့လာရောက်တိုက်ခိုက်သည့်အတွက် ကျေးရွာပေါင်း (၁၀) ရွာခန့်မှ ပြည်သူများ ထွက်ပြေးနေရကြောင်း နီးစပ်သူတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတဲ့ ဘေးကရွာတွေ အားလုံးတိမ်းရှောင်နေရပြီလို့ သိရတယ်။ လောလောဆယ် ကျနော်တို့သိရသလောက်တော့ ကျေးရွာပေါင်း အနည်းဆုံး (၁၀) ရွာလောက်က ဒေသခံတွေ တိုက်ပွဲနဲ့ဝေးတဲ့ နေရာဘက်ကိုရှောင်နေကြတယ်လို့ သိရတယ်” ဟု နီးစပ်သူများက ပြောသည်။

ထွက်ပြေး တိမ်းရှောင်နေရသည့် ကျေးရွာများမှာ ကျောက်ဦး၊ ရုံးပင်၊ ဆားတောင်ပုံ၊ မြဂနိုင်၊ အင်းဂါး၊ ကနီ၊ ဝမ်းဘဲအင်း၊ နောင်မူး၊ နောင်ရင်း၊ ကြိုးကြာဝင်း စသည့် ကျေးရွာများဖြစ်ကာ အဆိုပါ ကျေးရွာ(၁၀) ခုအနက် ဝမ်းဘဲအင်း၊ အင်းဂါး၊ နောင်ရင်း၊ နောင်မူး၊ ကြိုးကြာဝင်း၊ ဆားတောင်ပုံကျေးရွာများသည် ရွာလုံးကျွှတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ ခုတိမ်းရှောင်နေရတဲ့ ရွာတွေက တစ်ရွာကို အိမ်ခြေ ၄၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ စက်တင်ဘာလ ၂၂ ရက်ကနေ တိုက်ပွဲစဖြစ်ခဲ့ပြီးနောက် ရွာထဲတွေမှာလည်း တပ်ကပြန်ထိုင်ထားတော့ ဒေသခံတွေက တိုက်ပွဲနဲ့ဝေးရာကို တိမ်းရှောင်နေကြရတာ။ ဒါပေမယ့် လောလောဆယ်က ဖုန်းဆက်သွယ်တာကလည်း ခက်တော့ သူတို့တွေရဲ့အခြေနေအသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု နီးစပ်သူများကပြောသည်။

ထို့ပြင် လက်ရှိ ဆားတောင်ပုံကျေးရွာတွင် စက်တင်ဘာလ (၂၅) ရက်နေ့မှစကာ စစ်ကောင်စီတပ်မှ စစ်အင်အား ၇၀၀ ခန့် အခိုင်အမာ တပ်စွဲထားကြောင်းလည်း သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၄ရက်နေ့ထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ရင်း ၁၂၀၊ တပ်ရင်း ၄၄ မှ အနည်းဆုံး ၇၀ ဝန်းကျင်ခန့် သေဆုံးကြောင်း မြေပြင်သတင်းရင်းမြစ်များမှ ပြောဆိုသော်လည်း NUG အစိုးရ၏ ထုတ်ပြန်ချက်တွင်မူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်းနှင့် စစ်ကောင်စီဘက်မှ ၄၀ ဦးခန့် သေဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၂၆) ရက်နေ့ အင်တာနက်ဖြတ်တောက်ခံရသည့်နေ့တွင် ဝမ်းဘဲအင်းကျေးရွာတွင် စစ်ကောင်စီနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့်လာရောက်ပစ်ခတ်မူများလည်း ရှိခဲ့သည့်အတွက် Pinlebu PDF မှ တစ်နိုင်ငံလုံးရှိ PDF များ စစ်မျက်နှာဖွင့်ပေးရန် စာထုတ်ပြန်ခဲ့သည့်အခြေနေထိ ရှိခဲ့သည်။

ပင်လည်ဘူးမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာပေါင်း (၁၀) ရွာခန့်ရှိသော်လည်း တိမ်းရှောင်နေရသည့် အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်း တိတိကျကျရရှိရန် ခက်ခဲနေဆဲဖြစ်သည်။

“မြေပြင်အခြေနေတော့ တိတိကျကျ မရနိုင်ဘူး ဒေသခံတွေလည်း တော်တော်ဒုက္ခရောက်နေကြမှာတော့ သေချာတယ် တစ်ခြားနေရာတွေကလို ထောက်ပံ့ပေးမယ့် အလှူရှင်လည်း မရှိဘူး။ အလှူရှင်တွေရှိရင်တောင်မှ ဖုန်းလိုင်းတွေမရတော့ တော်တော်ခက်တယ်။ ဒါပေမယ့် လှူချင်တဲသူတော့ ကျနော်တို့ဆီကနေ ဆက်သွယ်ပြီးလှူဒါန်းပေးလို့ရပါတယ်” ဟု နီးစပ်သူများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းသည် အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်မူ အများဆုံးဖြစ်ကာ စက်တင်ဘာလ (၂၈)ရက်နေ့ထိ အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံရသည့် မြို့နယ်ပေါင်း (၁၀) မြို့နယ်ခန့်ရှိပြီ ဖြစ်သည်။

Show More

Related Articles

Back to top button