လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လီဒိုလမ်းမပေါ် ပြည်သူ ၂ ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရ

ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးတွင် စစ်တပ်ဂိတ်အနီးဖြတ်သွားသော ပြည်သူ ၂ဦးကို စစ်ကောင်စီက သေနတ်ဖြင့် လိုက်လံပစ်ခတ်သောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးကို သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက် ယမန်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်ခန့်က ဒွမ်ဘုန်းကျေးရွာဘက်မှ လဝါးကျေးရွာအဝင် ဆိုင်လင်းချောင်းတံတား (Sai Ling Hka)ပေါ်တွင် တပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်သားများက ဆိုင်ကယ်ဖြင့် ဖြတ်လာသည့် ပြည်သူ ၂ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု လဝါးဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အဲ့တံတားပေါ်ရှိနေတဲ့ စစ်သားတွေက ဆိုင်ကယ်နဲ့စီးလာတဲ့ ၂ယောက်ကို ရပ်ခိုင်းတာတဲ့။ အဲ့ ၂ယောက်က ဘာလို့မရပ်ပေးတာ တော့ ကျနော်တို့လည်းမသိဘူး။ မရပ်ပေးတော့ နောက်ကနေ စစ်သားတွေက သေနတ်နဲ့ ပစ်လိုက်တယ်လို့ကြားတဲ့။ နောက်မှာစီးတဲ့ သူက အဲ့နေရာမှာဘဲ လှဲကျပြီး သေဆုံးသွားတယ်လို့ ကြားတယ်။ ရှေ့မှာမောင်းတဲ့သူရဲ့ လက်ဖက်မှာ သေနတ်ဒဏ်ရာ ၂ နေရာ ရထားတယ်” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်၏ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိကာ အဖမ်းခံရသူမှာ အမျိုးသမီးဖြစ်သည်။

သေနတ် ဒဏ်ရာရရှိထားသည့် အမျိုးသမီးကို လက်ရှိ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးရုံတွင် ဆေးကုသပေးမည်ဟု ပြောဆိုကာ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း လဝါးဒေသခံတစ်ဦး ထံမှ သိရသည်။

စက်တင်ဘာလ ၂၈ရက်နေ့ နံနက်ပိုင်းမှ အဆိုပါ လဝါးကျေးရွာအဝင် ဆိုင်လင်းချောင်းတံတားပေါ်တွင် အာဏာသိမ်းစစ်တပ်အဖွဲ့က စခန်းချပြီး လုံခြုံရေးခေါင်းစဉ်ဖြင့် သွားလာဖြတ်လာသန်းသည့် ခရီးသွားပြည်သူများကို စစ်ဆေးရေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် လဝါးကျေးရွာနှင့် ခွမ်ဆိုင်ယန် ကျေးရွာ ၂ခု၏ ကျေးရွာအတွင်း အပြင် နေရာများတွင် အာဏာသိမ်းစစ်တပ်အဖွဲ့ အင်အား ၂၀၀ ကျော်ခန့် တပ်စွဲနေရာ ယူထားသည်မှာ ၁ ပတ်ခန့်ကြာမြင့်လာပြီ ဖြစ်သည်။

ထို့ကြောင့် ခွမ်ဆိုင်ယန် ဒေသခံ အိမ်ခြေ ၁၅၀ ခန့်မှာ တိုက်ပွဲဖြစ်ပွားလာလျှင် ထိခိုက်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် လဝါးကျေးရွာဘက်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button