တိုက်ပွဲသတင်း

ကျင်စန်းကျော့ ပစ်ခတ်မှု မြို့နယ် ရဲအရာရှိ တစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကျင်းစန်းကျော့-ဝမ်တိန်သွားလမ်း ကောင်းခန့်ရွာအထက် ဆီဆိုင်နားရှိနေတဲ့ စစ်ကောင်စီ နှင့် ရဲတပ်ဖွဲ့ကို အောက်တိုဘာလ ၃ ရက်ညက အရပ်ဝတ်လူတစ်ချို့က ပစ်ခတ်တဲ့အတွက် ရဲအရာရှိ ၁ ဦး သေဆုံးသွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ‌တွေဆီက သိရပါတယ်။

ယမန်နေ့ ည ၈ နာရီခန့်တုန်းက လမ်းမပေါ် ကားတွေကို စစ်ဆေးနေတဲ့ ရဲနဲ့ စစ်တပ်ကို အရပ်ဝတ်လူတစ်ချို့က ပစ်ခတ်သွားခြင်းဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ကျနော်တို့ အဒေါ်ဆိုင်ရှေ့မှာဖြစ်တာ။ အဒေါ်က အထက်က အိမ်မှာ လာပြေးပုန်းနေရတယ်။ ပစ်တာ ဆိုင်တွေလည်း မှန်တယ်။ ရဲ ၁ ယောက် သေတယ်ကြားတယ်။ တွဲကားဆရာလည်း ကျည်ထိသွားတယ်။ အဲမှာ ရှိတဲ့ ကားဘီးတွေလည်း အကုန် ပစ်ဖောက်။” လို့ ဒေသခံ မျက်မြင်တစ်ဦးက ပြောပါတယ်။

သေဆုံးသွာသူမှာ မူဆယ်မြို့နယ်ရုံးက ရဲအုပ် စိုးလင်း ဆိုသူဖြစ်ပြီး ယနေ့ မနက်မှပဲ နာရေးကားနဲ့ အလောင်းလာသယ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိုသို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အနီးနားမှာရှိတဲ့ ဆိုင်တွေလည်း ကျည်ထိမှန်ပြီး ပျက်ပြီးမှုတချို့ ရှိခဲ့ကြောင်း သိရပါတယ်။

” ဗုံးက ၃ လုံးဖောက်တယ်။ အသံ အကျယ်ကြီးပဲ။ ဗုံးသုံးလုံးက တော်တော် ပြင်းတယ်။ သေနတ်တွေ တဒိုင်းဒိုင်းနဲ့ ပစ်နေတာ။ ကျွန်တော်တို့က အဲဒီ အထက်နားလေးက ဆိုင်မှာလေ။ သူတို့ကို တားတာကို တစ်ခါထဲ ပစ်ပြေးတာ။” လို့ နောက်ထပ် မျက်မြင် ရွာခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်နေချိန်မှာ မူဆယ်ဘက်က စစ်ကူအနေနဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကားနဲ့ အိမ်စီးကား ၅ စီးခန့် ထပ်တိုးဆင်းလာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကလည်း ကျင်စန်းကျော့သွားတဲ့လမ်းကြား မန်မိုင်ရွာမှာ လှည့်ပတ်စျေးရောင်းနေသူတစ်ဦးကို အရပ်ဝတ်နဲ့ လူတစ်ချို့က ပစ်သတ်သွားတဲ့ အဖြစ်အပျက် ရှိခဲ့တယ်လို့ သိရပါတယ်။

Bum Shep

Show More

Related Articles

Back to top button