တိုက်ပွဲသတင်း

လီဒိုလမ်းမပေါ်တွင် အာဏာသိမ်းတပ်ကို KIA ဆက်လက်တိုက်ခိုက်နေ

တနိုင်း လီဒိုလမ်းမပေါ်  စစ်ကောင်စီ ယာဉ်တန်းကို လုံခြုံရေးပေးရန် ရောက်နေသောတပ်ဖွဲ့ ကို ယနေ့ နံနက်ပိုင်းက နေရာ ၂ ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ က တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရှဒူးဇွပ် (Jahtu Zup) အခြေစိုက် ခလရ ၂၉၇ တပ်ရင်းတွင် ရောက်ရှိနေသော စစ်ယာဉ်တန်းများ တနိုင်းဘက်သို့ ဆက်လက်ထွက်ခွာနိုင်ရန် လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ကို အောင်ရာနှင့် တိန်ကောက်ကျေးရွာကြား နေရာ ၂ ခုတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တိန်းကောက် (Ting Kawk) ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီမနက် အစောပိုင်းက ကောင်ရာကျေးရွာကြားဘက်မှာ အရင်တိုက်ပွဲဖြစ်တယ်။ နောက်အခုက တိန်းကောက်ဘက်ကို ပြန်ဖြစ်နေတယ်။ သူတို့က လီဒိုလမ်းမတစ်လျှောက်ပေါ်မှာ စစ်သားတွေလုံခြုံရေး ယူဖို့ တက်လာကြထင်တယ်။ အဲ့အဖွဲ့တွေကို KIA က ကြားဖြတ်တိုက်ခိုက်နေတာဟုတ်တယ်။ ပြီးရင်ရှဒူးဇွပ် စစ်တပ်မှာက စစ်ကားတွေအများကြီး ရောက်နေတယ်” ဟု ပြောဆိုသည်။

နံနက် ၈ နာရီ ဝန်းကျင်ခန့် ကောင်ရာနှင့် နန်ဖျက်ကြားတွင် တစ်ကြိမ်၊ ၁၀နာရီအချိန် တိန်ကောက်နှင့် ရဝမ်ကုန်းကြားတွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်ထိခိုက်မှု အခြေအနေ မသိရသေးသော်လည်း KIA က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် စစ်ကောင်စီဘက်က ထိခိုက်မှုများနိုင်ကြောင်း သူက ဆိုသည်။

လက်ရှိ ရှဒူးဇွပ် စစ်တပ်တွင် စစ်ကောင်စီ ရိက္ခာသယ် ကား ၆၀ စီးခန့်ရောက်နေပြီး ၎င်းတို့မှာ စက်တင်ဘာလ ၂၈ နဲ့ ၃၀ ရက်နေ့တွင် မိုးကောင်းမြို့ မှ လီဒိုလမ်းမအတိုင်းတက်လာပြီး ဒွမ်ဘန်ကျေးရွာအခြေစိုက်ထား ခလရ ၂၉၈ စခန်းတွင် တစ်ပတ်ခန့် လာရောက် ရပ်နားခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၂ရက်နေ့တွင် ဒွမ်ဘန်ကျေးရွာမှ ရှဒူးဇွပ်ဘက်ကို ပြန်လည်ထွက်ခွာလာခြင်း ဖြစ်သည်။

ထိုသို့ ဒွမ်ဘန်မှ ရှဒူးဇွပ်ဘက်သို့ ပြန်တက်လာခဲ့စဉ် လမ်းကြောင်းတစ်လျှောက် ဝါရာဇွပ်အုပ်စု ဘန်ကောက်ကျေးရွာနှင့် အောင်ရာကျေးရွာကြားတွင် KIA က ၅ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်မှုများရှိခဲ့သည်။

Show More

Related Articles

Back to top button