လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မုံးကိုး ဖောင်းဆိုင်မှာ အသက် ၇၂ နှစ်အရွယ် သက်ကြီး ၁ ဦး မိုင်းနင်းမိ ဒဏ်ရာ ရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ရွာက အသက် ၇၂ နှစ်အရွယ် သက်ကြီးရွယ်အို ၁ ဦး ဆေးရွက်ရှာရင်း အောက်တိုဘာလ ၁ ရက်နေ့က မိုင်းနင်းမိကာ ခြေထောက်နှစ်ဖက်လုံး ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ခြေထောက်က နှစ်ဘက်လုံး ဖြစ်သွားတာပါ။ ၁ ရက်နေ့ ဖြစ်မယ် ဖောင်းဆိုင်ရွာမှာ။ ၇၂ နှစ် ရှိပြီ အသက်။ ဦးကျိန်ထောင်လွမ်းဒေါင်ဝ် ပါ။ ခုတော့ အဲဒီကနေ မုံးကိုးဘက် ဆေးရုံသွားတယ်။ မုံးကိုးကနေ အသင်းတော်ကားနဲ့ လိုက်ပို့တယ်။ မုံးကိုး စစ်ဗျူဟာကနေ စာရေးပေးပြီး ကွတ်ခိုင်၊ ကွတ်ခိုင်ကနေ အခု လားရှိုး ဆေးကုသမှုခံယူနေတယ်။ အရိုးမှာတော့ မထိဘူး။ လားရှိုးစစ်ဆေးရုံမှာ။” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

ရွာအပြင်မှာ စစ်ကောင်စီဘက်ကတော့ မိုင်းထောင်ထားတာကြောင့် ဒေသခံတွေကို ရွာထဲမှာပဲနေဖို့ ကန့်သတ်တားမြစ် ထားပေမယ့် အပူကျဆေးရွက်ခူးဖို့ ရွာအပြင်ခေတ္တထွက်စဉ်မှာပဲ မိုင်းနင်းမိ ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

ကောင်းမွန်စွာ ခွဲစိတ်နိုင်ပြီးနောက် လက်ရှိမှာတော့ လားရှိုး အမှတ် ၉ ကုတင် ၁၀၀ ဆေးရုံမှာ ကုသမှု ဆက်လက်ခံယူနေကြောင်း သိရပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ကာလဖြစ်တာကြောင့် ဖြတ်သန်းသွားလာဖို့ ခက်ခဲပေမယ့် ဖောင်းဆိုင် ရွာလူကြီးများနဲ့ တပ်မ ၉၉ ကလည်း ၎င်းတို့ မိုင်းကြောင့် ထိခိုက်တာဖြစ်တဲ့အတွက် စစ်ဆေးရုံမှာ ကုသခွင့်ရဖို့ ပြောဆိုပေးကြောင်း မိသားစုဝင်တစ်ဦးကလည်း ပြောပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား စစ်ရေးတင်းမာနေမှုကြောင့် စစ်ကောင်စီဘက်က ဖောင်းဆိုင်ဘက်က ရွာနီးနား တဝိုက်မှာ မိုင်းထောင်ထားတာဖြစ်ပြီး ရွာခံတွေကို သွားလာဖို့နေရာ ကန့်သတ်ထားတာ ရှမ်းမြောက် နေရာအနှံမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်းကလည်း ဖောင်းဆိုင်ဒေသမှာ မိုင်းနင်းမိပြီး အသက် ၄၀ နှစ်ခန့်ရှိကြတဲ့ တရုတ် အမျိုးသား ၁ ဦးနဲ့ အသက် ၃၅ ခန့်ရှိ တအာင်းပလောင် အမျိုးသား ၁ ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button