လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကိုင်းတိုင်းတွင် စစ်ရှောင် ၁ သိန်းခန့်ရှိလာပြီး စစ်ကောင်စီဘက်က အင်အားတိုးချဲ့မှုများရှိနေ

စစ်ကိုင်းတိုင်းအတွင်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရပြီးနောက် စစ်ဘေးရှောင်ပြည်သူ ၁ သိန်း ဝန်းကျင်ရှိလာပြီး စစ်ကောင်စီဘက်က အင်အားတိုးချဲ့မှုလည်းအလွန်များလာကြောင်း စစ်ကိုင်းတိုင်းပြည်သူများနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများထံမှ သိရသည်။

“တစ်တိုင်းလုံးအနေနဲ့ပြောရင် ခန့်မှန်းခြေ ၁ သိန်းဝန်းကျင်ရှိနိုင်တယ်။ တော်တော်များလာပြီ ရွှေဘိုဘက်မှ စပြီး အထက်ပိုင်းအထိ ရွာထဲမှာ မနေရဲလို့ ပြည်သူတွေ ရှောင်နေရတာတွေ အများကြီးရှိလာတယ်။ ပြီးတော့ ကနီ၊ ယင်းမာပင် ၊မင်းကင်း ချင်းတွင်းမြစ်ရိုးတလျောက်မှာလည်း ရွာပြန်မနေရတဲ့ ရွာတွေ ရှိပါတယ်။ ဒီတစ်သိန်းဆိုတာက ခန့်မှန်းခြေစာရင်း ဒီထက်နည်းဖို့တော့ မရှိဘူး” ဟု ဒေသခံများထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာအရေအတွက်တိုးလာသော်လည်း ဆက်သွယ်ရေးအခက်ခဲကြောင့် စာရင်းတိတိကျကျ ရယူရန်ခက်ခဲနေကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံများ ထိုသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် ၎င်းတို့ လုပ်လက်စ ပဲ၊ နှမ်း အစရှိသည့် သီးနှံများ ရိတ်သိမ်းခွင့်မရပဲ စွန့်ပစ်ခဲ့ရကြရသည့်အတွက် ပြည်သူများထိခိုက်နစ်နာမှုများစွာ ကြုံတွေ့နေကြကြောင်းလည်း သိရသည်။

လက်ရှိ စစ်ကောင်စီတပ်သည် အင်တာနက်နဲ့ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူး၊ ကောလင်း ၊ကသာ ထီးချိုင့် ဘက်သို့ စစ်အင်အားအများအပြားနဲ့ စစ်ရေးပြင်ဆင်နေကြောင်းလည်း နီးစပ်သူများက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်များ တင့်ကား၊အမြောက်၊ လက်နက်အများအပြားနှင့် တပ်သားအင်အား ထောင်ချီ ဖြန့်ကျက်နေသည့်အပြင် အချို့ကျေးရွာများတွင် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်သည့်အတွက် ပင်လည်ဘူးနဲ့ယင်းမာပင်ဘက်တွင် စစ်ဘေးရှောင်ပိုများလာကြောင်း သိရသည်။

“ကျနော်တို့ဆီမှာတော့ ရွာလုံးကျွတ်စစ်ရှောင်နေရတာ (၁၁) ရွာထိရှိလာပြီ။ စစ်ရှောင်နေရတဲ့ပြည်သူတွေဆိုလည်း တစ်သောင်းထက်မနည်းရှိလာတယ် ဒါတောင် မြေပြင်စာရင်းအတိအကျမသိသေးဘူး ဒီထက်လည်း များနိုင်တယ်”လို့ ပင်လည်ဘူးဘက်မှ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ပင်လည်ဘူးမြို့နယ်တွင် ရွာလုံးကျွတ်ထွက်ပြေးနေရသော ကျေးရွာများမှာ အုံးပင်၊ ရုံးပင်၊ ဆားတောင်ပုံ၊ မြဂနိုင်၊ အင်းဂါး၊ ကနီ၊ ဝမ်းဘဲအင်း၊ နောင်မူး၊ နောင်ရင်း၊ ကြိုးကြာဝင်း၊ သိမ်ဇင်၊ကျောက်ဦး အစရှိသည့် ရွာများဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်က စစ်ကိုင်းတစ်တိုင်းလုံးမှာကို စစ်အင်အားတွေ နေ့တိုင်း တိုးမြင့်နေတာ အပြောင်းလှဲတွေလည်း ရှိနေတယ်။ အဲကြောင့် တစ်ချို့ရွာတွေက ခနဘဲ ရှောင်နေရတဲ့ရွာတွေရှိသလို ကြာရှည်ရှောင်နေရတဲ့ရွာတွေလည်း ရှိနေတယ်။ ပြီးတော့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားတော့ စာရင်းတိတိကျကျ ရနိုင်ဖို့ခက်တယ်”ဟု စစ်ကိုင်းတိုင်းနဲ့ နီးစပ်သည့် အဖွဲ့အစည်းများက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ PDF များ စက်တင်ဘာလ ၂၂ရက်မှ ၂၄ ရက်ထိ မူးမြစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့ကာ PDF မှ စစ်ကောင်စီ၏ လက်နက်များစွာ သိမ်းယူနိုင်ခဲ့ကြောင်း NUG အစိုးရမှ ထုတ်ပြန်ထားသည်။

ထို့နောက် အောက်တိုဘာလ (၂၃)ရက်နေ့မှစကာ  စစ်ကိုင်းတိုင်းရှိ အရာတော်၊ ယင်းမာပင်၊ ကနီ၊ပုလဲ၊ ရေဦး၊ ဘုတလင်၊ တန့်ဆည်အစရှိသည့် မြို့နယ်(၇)ခုအား အင်တာနက်ဖြတ်တောက်ခဲ့ကာ စက်တင်ဘာလ (၂၆)ရက်နေ့တွင် ဝန်းသို၊ ပင်လည်ဘူး၊ ကောလင်း စသည့် မြို့နယ် (၃)ခုအား ဆက်သွယ်ရေးလိုင်းများ ထပ်မံဖြတ်တောက်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်သည် တစ်ဆက်တည်း စက်တင်ဘာလ (၂၅)ရက်နေ့ ပင်လည်ဘူးမြို့နယ်ရှိ ဆားပုံတောင်ကျေးရွာသို့ စစ်အင်အားအလုံးအရင်းဝင်ရောက်လာကာ တပ်စွဲနေထိုင်လာကြကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းမှ (၅)နာရီခန့်မှ အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက် ပင်လည်ဘူးမြို့နယ်ရှိ ဝမ်းဘဲအင်းရွာသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကျဲမူများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မနေ့က အထိ ကောလင်း ဝန်းသို ပင်လည်ဘူး သုံးမြို့လုံးမှာ မြို့ပေါ် ပြည်သူတွေ သွားလာလုပ်ရှားနေဆဲ ပုံမှန်လိုပဲ ရှိနေပါတယ်။ ရံဖန်ရံခါ ကောလင်းမှာတော့ ဗုံးကွဲတာတွေ တော့ရှိနေပါတယ်။ ပြည်သူထိခိုက်မှူ တော့ အခုထိမရှိသေးပါဘူး။ ပင်လည်ဘူးရွာအချို့ စစ်ကောင်စီတပ်သား‌တွေ ရောက်လာလို့ထွက်ပြေးကြတာတွေရှိပေမယ့် ရွာတွေကိုမီးရှိုဖျက်စီးတာမျိုး ဆိုးဝါးစွာကြုံတွေ့ရတာမျိုးမရှိသေးပါဘူး” လို့ ကောလင်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းမြို့နယ်များအတွင်း အရပ်ဝတ်ဖြင့် ရွာသားအယောင်ဆောင်ကာ ရွာတွင်း၌အကြမ်းဖက်မူများရှိသည့်အတွက် ရွှေဘိုမြို့နယ်ဘက်တွင် ဒေသခံလူငယ်များ ကျဆုံးမူများလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် SPDF မှ အောက်တိုဘာလ (၆)ရက်နေ့ ရက်စွဲဖြင့် ပြည်သူများသို့ သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် အဓိကအားဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက် လမ်းများတွင် ည (၇)နာရီမှ မနက်(၅)နာရီအတွင်း ယာဉ်ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြရန် ပါရှိသည်။

Show More

Related Articles

Back to top button