သတင်း

စစ်ကောင်စီမှ ထီးချိုင့် အလယ်တောရွာ အဝင်အထွက် ပိတ်ပြီး ဖမ်းဆီးမှုများ ပြုလုပ်နေ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အလယ်တောရွာကို ယနေ့နံနက် ၅ နာရီဝန်းကျင်မှစကာ စစ်ကောင်စီက ရွာအဝင်အထွက်များ ပိတ်ထားပြီး ဒေသခံများကို ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

“ကျနော်တို့သိရ‌သလောက်တော့ စစ်ကောင်စီတပ်က မနက် ၄နာရီလောက်က စဝင်လာပြီးတော့။ ပြီးတော့ ရွာအဝင်အထွက်တွေလည်း ပိတ်လိုက်ပြီလို့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်များသည် အလယ်တောရွာ ဘုန်းကြီးကျောင်းများတွင် ဝင်ရောက်တပ်စွဲထားပြီး ရွာတွင်း သေနတ်များ ပစ်ဖောက်ခြင်း ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် ဒေသခံများ၏ သတင်းပို့ချက်အရ ယနေ့နံနက် ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်မှ လက်ထိပ်ခတ်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။

“ဖမ်းသွားတာ ဘယ်သူဘယ်ဝါလဲဆိုတာတော့ တိတိကျကျမသိရသေးဘူး။ ခုလည်း တစ်ချို့အိမ် ဝင်မွှေ‌သွားတယ်လို့ သိရတယ် ပြီးတော့ ဧည့်စာရင်းတွေ လိုက်စစ်နေတယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများ ရှိသည့်အပြင် အလယ်တောရွာတွင် စစ်ကောင်စီတပ်မှ ယနေ့နံနက်မှစကာ အင်အားထပ်တိုးမြင့်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၆ ရက်နေ့မှစကာ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများအား ဝင်ရောက်မွှေနှောက်ရှာဖွေမှုများပြုလုပ်နေသည့်အပြင် ယနေ့နံနက်မှစကာ ထီးချိုင့်မြို့ မြောက်ဘက် ၃ မိုင်ခန့်တွင်ရှိသည့် အလယ်တောရွာအား အဝင်အထွက်ပိတ်ကာ ဖမ်းဆီးမူများ ဆက်လုပ်နေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် အလယ်တောရွာအား ယခုကဲ့သို့ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ခုလို သုံးသပ်ထားသည်။

အလယ်တောရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရမှု၊ Mytel တာဝါတိုင် ဖျက်ဆီးခံရမှုများရှိသောကြောင့် စစ်တပ်ဘက်က ယခုလို ပိုက်စိပ်တိုက် ဝင်ရောက် ရှာဖွေ ဖမ်းဆီးမှုများပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု အလယ်တောရွာနဲ့ နီးစပ်သူ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါသည်။

လက်ရှိ စစ်ကိုင်းတိုင်း နေရာအများစုတွင် စစ်ကောင်စီက အင်တာနက်လိုင်း နှင့် ဖုန်းလိုင်းများ ပိတ်ထားကာ စစ်အင်အားတိုးချဲ့ပြီး စစ်ဆင်ရေးများပြုလုပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button