သတင်း

ရွှေလီမြို့က လုပ်ငန်း ဆိုင်းဘုတ်အချို့ကို ၃ ရက်အတွင်း ဖြုတ်ချရန် ဖိအားပေးခံနေရ

မြန်မာ-တရုတ်နယ်စပ် ရွှေလီမှာရှိတဲ့ ဆိုင်းဘုတ်အချို့ကို ၃ ရက်အတွင်း ဖြုတ်ပေးဖို့ သက်ဆိုင်ရာ တရုတ်အာဏာပိုင်တွေက စာပို့ထားကြောင်း ရွှေလီဘက် နေထိုင်သူတွေဆီက သိရပါတယ်။

“ဆိုင်းဘုတ် ဖြုတ်ခိုင်းတာ။ ဒီဆိုင် က လိုင်စင် မတင်ထားဘူး။ တရားမဝင်ဘူးပေါ့။ ဖြုတ်ရမှာတဲ့။ ၃ ရက်အတွင်းဖြုတ်ရမှာတဲ့။ ဖြုတ်ပြီးရင် သန့်ရှင်းရေး လုပ်ရမယ်တဲ့။ မဖြုတ်ရင် ၃ ရက်နောက်ပိုင်း သူတို့လာဖြုတ်မယ်တဲ့။ သူတို့ လာဖြုတ်ပြီးမှ တရားစွဲမှာတဲ့။ တရုတ်စာရော မြန်မာစာရော လိုင်စင်တင်ရတယ်။ သူက မလုပ်ထားတဲ့ဟာ။ မလုပ်ထားရင် တရားမဝင်ဘူးလေ။ ဖြုတ်ရမှာ။ သူတို့ လာဖြုတ်ရင်တော့ စွဲမှာပေါ့။ သူက မြန်မာစာ ရေးထားလို့ ဖြုတ်ခိုင်းတာ မဟုတ်ပါဘူး။” ဟု ရွှေလီမှာ နေထိုင်သူ ၁ ဦးက ပြောပါတယ်။

တရုတ်နိုင်ငံဘက်မှာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစ မြန်မာလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလိုင်စင်တွေကို သက်တမ်းမတိုးပေးတော့ပဲ လုပ်ငန်းဆက်လုပ်မယ်ဆိုရင် တရုတ်လုပ်ငန်းရှင် ၁ ယောက်ယောက်က နာမည်ခံခိုင်းခြင်း စတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကျယ်ဂေါင်မှာလည်း လုပ်ငန်းလိုင်စင်မရှိတဲ့သူတွေကို ဆိုင်းဘုတ် ဖြုတ်ချထားခိုင်းကြောင်း “ဆိုင်းဘုတ်တွေ တင်ပြီးတော့ ဈေးရောင်းခွင့်မပြုဘူး။ မြန်မာစာနဲ့ရေးလို့ ဖြုတ်ချခိုင်းတာမဟုတ်ဘူး။” ဟု ကျယ်ဂေါင်က မြန်မာလုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

ကျယ်ဂေါင်တွင်ရှိနေသော ကုန်တင်ပြီးကားများနဲ့ ဂိုဒေါင် ကုန်ဂိတ်များရှိ မြန်မာနိုင်ငံအတွင်းသို့ တင်ပို့ရန် ကျန်ရှိနေသော သွင်းကုန်ပစ္စည်းများကို မကြာမီအချိန်တွင် သတ်မှတ်ချက်များနဲ့အညီ သက်ဆိုင်ရာကုန်သည်များအနေဖြင့် ပြင်ဆင်ထားရန် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက အောက်တိုဘာ ၃ ရက် အသိပေးကြေညာထားပါတယ်။

ရွှေလီ ကျယ်ဂေါင်မြို့များဟာ ယူနန်ပြည်နယ်ရဲ့ စီးပွားရေး အချက်အချာကျတဲ့ နေရာဖြစ်တာကြောင့် အဆိုပါမြို့များကို နိုင်ငံတကာစံချိန်မှီအောင် မြို့မှ ရပ်ကွက်အထိ တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်သွားမှာဖြစ်တယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း တရုတ်နယ်စပ်ဘက်ကို ဗီဇာနဲ့ သွားရောက်တာ မရှိသလောက်ဖြစ်နေပြီး ပေါက်ဖော်ကဒ်နဲ့ စာအုပ်အစိမ်းတို့နဲ့သာ သွားရောက်နေထိုင်အလုပ်လုပ်ကိုင်သူတွေများလာတာဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button