စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

မုံးကိုး ဗျူဟာကုန်းအနီး ပစ်ခတ်မှုကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရ

မုံးကိုး မြို့  စစ်ဗျူဟာကုန်းအနီး ယနေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူအများအပြား ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ အများအပြား တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“၆ ယောက်ထိတယ်။ နှစ်ဖက်လုံး လက်နက်ကြီး သုံးတယ်။ စစ်ကောင်စီ ဘက်က ပိုသုံးတယ်။ ရွာကလူတွေ မထွက်ပြေးနိုင်လို့ တော်တော် ဒုက္ခ ရောက်ရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား မုံးကိုးမြို့ ဗျူဟာကုန်းနဲ့ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့စဉ် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အခြား ထိခိုက်သူများလည်း ရှိနိုင်သေးကြောင်း သူက ဆက်ပြောသည်။

လက်ရှိအချိန်ထိ ရရှိထားသော ထိခိုက်သူစာရင်း ၆ ဦးတွင် အသက် ၂ နှစ်အရွယ်ကလေး ၂ ဦး၊ အသက် ၆၀ ကျော်အရွယ် သက်ကြီးရွယ်အို ၂ ဦး နှင့် လူငယ်အရွယ် ၂ ဦးပါဝင်သည်ဟု သိရပြီး ၎င်းတို့ နာမည်အသေးစိတ်ကို မသိရသေးပါ။

ကြံခင်းဘက်သို့ရှိနေသော ကိုးကန့်တပ်ဖွဲ့ကို စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ရာတွင် ကျေးရွာအတွင်း လက်နက်ကြီး ၃ လုံးထက် မနည်းကျရောက်ခဲ့သောကြောင့် ကျေးရွာအတွင်း ပျက်စီးမှုများရှိနေသည်ဟု ဒေသခံများပြောသည်။

အဆိုပါကျေးရွာများတွင် တိုက်ပွဲဖြစ်ပါက ရွာကို မီးရှိုမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသောကြောင့် ဒေသခံများမှာ ကိုယ်လွတ်ပြေးထွက်လာခဲ့ကြောင်း ဆိုသည်။

“အကူအညီ အရမ်း လိုအပ်နေတယ်။ ရိတ်သိမ်းချိန် စပါးတွေ လည်းပစ်ထားခဲ့ရတယ်။ တချို့ ဆို လမ်းမှာဆိုင်ကယ်လည်း ပစ်ထားခဲ့ရတယ်။ ဆိုင်ကယ်စီး ရင်လိုက်ပစ်လို့။ တရုတ်နယ်စပ်မှာ ခု ည ၇ လောက်မှ တဲထိုးပြီး ချက်စားဖို့ လုပ်နေကြတာ။”

တရုတ်နယ်စပ်အနီး ထွက်ပြေးနေရသူများမှာ ဖော်ဂျုံးပါ နှင့် ဖော်ဂျုံးပါရွာသစ်မှ အိမ်ထောင်စု ၇၄ စုနှင့် လူဦးရေ ၄၁၁ တို့ဖြစ်သည်။ လက်ရှိ ၎င်းတို့ ထွက်ပြေးခိုလှုံနေသော နေရာမှာ မိုးရွာလျှင် ရေအိုင်သောကြောင့် အချိန်မရွေး ထပ်မံ ထွက်ပြေးရမည့် နေရာဖြစ်သည်ဟု သိရသည်။

မုံးကိုးမြို့တွင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက မုံးကိုးမြို့ကို လေယာဉ်ဖြင့် ဗုံးကျဲကာ ဖျက်ဆီးခဲ့သည်။

Show More

Related Articles

Back to top button