သတင်း

ကသာမြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးမှူး အများစု တာဝန်မှ နှုတ်ထွက်

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု ၈၀ ရာခိုင်နှုန်းခန့် နုတ်ထွက်နေပြီဟု ဒေသခံများထံမှ သိရသည်။

“စုစုပေါင်း ၄၁ ယောက်ရှိတဲ့ထဲကနေ ၃၁ ယောက်နုတ်ထွက်ပြီ။ ကလုံရွာက အုပ်ကြီးကတော့ ပျောက်နေတယ်လို့ ပြောကြတယ် အဲတော့ ၉ ယောက် ကျန်သေးတယ်”ဟု ဒေသခံ တစ်ဦးကပြောသည်။

ကသာမြို့နယ် စစ်ကောင်စီ၏ ဒေါက်တိုင်များဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအား အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား တာဝန်မှ နုတ်ထွက်ကြရန် ဒေသခံ PDF အဖွဲ့မှ အောက်တိုဘာလ ၃ ရက်နေ့ရက်စွဲဖြင့် သတိပေးထားသည်။

ယင်းကဲ့သို့ သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်လိုက်သည့်နောက် အောက်တိုဘာလ ၁၂ရက်နေ့ထိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးရာထူးမှ နုတ်ထွက်သူ ၃၁ ဦး ထိရှိလာကြောင်း ဒေသခံများမှ သိရသည်။

ထို့ပြင် အချို့သော အုပ်ချုပ်‌ရေးမှူး ရာအိမ်မှူးများသည် တာဝန်မှနုတ်ထွက်သွားသော်လည်း စစ်ကောင်စီသို့ သတင်းပေးနေသးသည့်အတွက် ၎င်းတို့ကို ကသာမြို့မှ အပြီးပိုင် ထွက်သွားရန်လည်း ဒေသခံ PDF တပ်ဖွဲ့မှ သတိပေးထားသည်ဟု သိရသည်။

“တစ်ချို့က တာဝန်ကနေ နုတ်ထွက်ရင်လည်း စစ်ကောင်စီဘက်ကို သတင်းပေးတာတွေ ခုပြောပြောနေကြတဲ့ ဒလန်လုပ်နေသေးတယ်လို့ သတင်းတွေ ထွက်နေတယ် အဲကြောင့်လည်း PDF သတိပေးတာဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကသာမြို့နယ်တွင် ကျေးရွာပေါင်း ၃၂ ရွာရှိကာမြို့ပေါ်ရပ်ကွက် ၁၁ ခု ရှိကြောင်း ဒေသခံ PDF မှ သတိပေးထားသည့် အုပ်ချုပ်ရေးမှူး ၇ ဦး ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ကသာမြို့နယ်တွင် ယခုရက်ပိုင်း PDF နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အပြင် လက်ရှိချိန်ထိ နှစ်ဖက်စလုံးစောင့်ကြည့်နေရသည့် အနေထားရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစကာ စစ်ကိုင်းတိုင်းဒေသအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ အများအပြားနုတ်ထွက်နေသည်ကိုလည်း တွေ့မြင်ရသည်။ ထိုအနက် ထီးချိုင့်မြို့နယ် နှင့် ကသာမြို့နယ်သည် ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး ကျန်သည့်မြို့နယ်များမှလည်း တာဝန်မှ နုတ်ထွက်သူများ နေ့စဉ်နှင့်အမျှ ရှိနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button