သတင်း

ကန်ရင်းကျေးရွာနှင့် PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အင်အား ၂၀၀ခန့်ဖြင့် စီးနင်း

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်လက် ကန်ရင်းကျေးရွာအနီး စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

အလားတူ အရာတော်မြို့နယ်ထဲရှိ Local PDF စခန်းနှစ်ခုလည်း စီးနင်းခံရကြောင်း သိရသည်။

“PDF က ဖမ်းခံရတဲ့သူမရှိဘူး စခန်းကိုတော့ စစ်ကောင်စီတပ်က မီးရှို့ပေးလိုက်တယ်လို့ သိရတယ်။ ပြီးတော့ ကန်ရင်း‌ ကျေးရွာဘက်ကိုလည်း သေနတ်ဖောက်ပြီး ဝင်မွှေနေတယ်ကြားတယ် လောလောဆယယ်တော့ ရွာခံ ၅ယောက်လောက်တော့ ဖမ်းခံထားရတယ်လို့ သိရတယ်” ဟု နီးစပ်သူများက ပြောသည်။

လက်ရှိချိန်ထိ စစ်ကောင်စီတပ်သည် ကန်ရင်းရွာ ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင် တပ်စွဲထားပြီး ရွာတွင်း‌စစ်ဆေးမူများ ပြုလုပ်နေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက် ၄နာရီဝန်းကျင်မှစကာ ဒိုင်နာကား၊ မှန်လုံကား၊ လိုက်ထရပ်ကား စုစုပေါင်း ၈စီးခန့်ဖြင့် မြင်းမူလမ်းဘက်မှ ကားများမီးပိတ်ကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“အခုထိ စစ်သားတွေက ရွာထဲမှာရှိနေတုန်းမို့ ဘာတွေဆက်သွယ်ရနည်းနည်းခက်နေတယ် အဲကြောင့် ရွာထဲက အခြေနေအသေးစိတ်အသိရသေးဘူး” ဟု နီးစပ်သူများက ပြောသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း စစ်ကိုင်းတိုင်းနေရာအနှံ့ဆိုသလို ရွာထဲ ဝင်ရောက်ကာ ရွာသားများအား လိုက်လံဖမ်းဆီးမူများ ရှိနေသည့်အပြင် နေအိမ်များပါ မီးရှို့ဖျက်ဆီးလာနေကြောင်း မြေပြင်သတင်းပေးပို့သူများကပြောသည်။

ထို့ပြင် အရာတော်မြို့နယ်သည် အင်တာနက်ဖြတ်တောက်ခံထားရဆဲဖြစ်သည်။

Show More

Related Articles

Back to top button