လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မြန်မာနိုင်ငံသားအချို့ကို တရုတ်ဘက်က ညအချိန် ရိုက်နက်ပြီး အတင်းပြန်ပို့ရန် စီစဉ်ခဲ့

တရုတ်နယ်စပ် ဝမ်တိန်တွင်နေထိုင်သော မြန်မာနိုင်ငံသားတချို့ကို အောက်တိုဘာ ၂၁ ရက်နေ့က တရုတ်အစိုးရက ကိုဗစ်-၁၉ ပိုးစစ်ဆေးရာမှာ ပိုးတွေ့သူပါတဲ့အတွက် ၎င်းတို့အဖွဲ့ကို အဲဒီညမှာဘဲ ရေကြီးနေတဲ့ ချောင်းကနေ ပြန်သွားဖို့ ရိုက်နက် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ထဲက တယောက်က ပိုးတွေ့တာ သူတို့က လာမှ မပြောပြဘူး။ Q လည်း မဝင်ခိုင်းဘူး။ မကုပေးပဲနဲ့ positive ဖြစ်တဲ့ သူကိုရော ကားပေါ်တက်ခိုင်းပြီး တခါထဲ ဝမ်တိန် အထွက် ပန်ဆိုင်းဘက်က အဲ ချောင်းနားခိုးပေါက်ကို ပို့လိုက်တာ။” လို့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။

နေ့လယ်ပိုင်းက ကိုဗစ်စစ်ဆေးခဲ့ရာ ပိုးတွေ့သော်လည်း ဘာမှ မပြောဘဲ ညအချိန်မှ ရဲကားတစ်စီးဖြင့် အားလုံးကို စုပြုံကာ နယ်စပ်ပေါက်ကို အတင်းမောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

“မိုးလည်းရွာ ချောင်းရေလည်းကြီး မဆင်းပဲနေတော့ နောက်ထပ် ကားတစီး ရောက်လာပြီး ရဲ ၆ ယောက်လာက် ၅၄ ၊ ၅ ပေလောက်ရှိတဲ့ တုတ်ကိုင်ထားပြီး ဆင်းဖို့ ပြောတယ်။ တင်းလာတဲ့ အချိန် ရိုက်လိုက်တာ ယောက်ျားလး နှစ်ယောက် ရိုက်ခံရတယ်” လို့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။

ထိုအထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်းပါဝင်ပြီး ချောင်းရေကြီးနေတဲ့အတွက်ဖြတ်လို့ မရဘဲ မနက်မှ ပြန်ဖို့ တောင်းပန်ပေမယ့်မရဘဲ စည်းရိုးတံခါးသော့ခတ်လိုက်တယ်လို့ ဆိုပါတယ်။

သို့ပေမယ့် နှင်ထုတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေက တရုတ်အာဏာပိုင်တွေနဲ့ စကားပြောနိုင်မယ့်သူကို ဖုန်းဆက်အကူညီတောင်းလိုက်တဲ့အတွက် သူတို့ကို ပြန်ခေါ်ပြီး ဝမ်တိန်မှ ရွှေလီ ကျယ်ဂေါင် မင်္ဂလာဂိတ်အထိ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် တရုတ်ရဲတွေက ၎င်းတို့ ရိုက်နက်ခဲ့တဲ့ ဖြစ်စဉ်ကို ပြန်မပြောဖို့ ပြောလိုက်ကြောင်း ကာယကံရှင်တွေက ပြောပါတယ်။

Show More

Related Articles

Back to top button