လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်၏ ရိုက်နက်မှု ဒဏ်ရာကြောင့် ပူတာအို လူငယ်တစ်ဦး သေဆုံး

ပူတာအိုမြို့နယ် ဇီးအွန်အုပ်စု အင်ရိုဘော့ကျေးရွာတွင် စစ်ကောင်စီတပ်သားများ၏ ပြင်းထန်စွာရိုက်နက်ခြင်းခံခဲ့ရသည့် လူငယ်တစ်ဦးမှာ အောက်တိုဘာလ ၁၉ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သော ဩဂုတ်လကုန်ပိုင်းက ဇီးအွန်နှင့် လန်းဒေါင်ကျေးရွာ ၂ ခုကြား စစ်ကောင်စီတပ်၏ စိုက်ပျိုးရေး တပ်စခန်းအနီး လမ်းမပေါ်တွင် ည ၇ နာရီခန့်အချိန် အဆိုပါလူငယ်ဖြတ်လာခဲ့ရာတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးထက်အောင်အဖွဲ့က ပြင်းထန်စွာရိုက်နက်ခဲ့သည်ဟု သေဆုံးသွားသော လူငယ်၏ မိသားစုဝင်များထံမှ သိရသည်။

“စစ်တပ်အဖွဲ့က ရိုက်နက်လိုက်တော့ သူ့ရဲ့အဆုပ် နာသွားတယ်။ ညဆိုလည်း အိပ်လို့မရဘူး။ ချောင်းဆိုပြီးသွေးပါတယ်။ ပြီးရင် ခေါင်မှာလည်း သေနတ်နဲ့ထုပေးတယ်လို့ပြောပြတယ်။ ခေါင်းဒဏ်ရာအတွင်းနာသွားတယ်။ ခေါင်းထိသွားတာက ဆေးကုရင်လည်း မပျောက်ဘူး။ သူဆုံးသွားတဲ့နေ့မှာလည်း ခေါင်းထိုးကိုက်ပြီး ဆုံးသွားတာဟုတ်တယ်။ အရင်တုန်းက သူ့မှာဘာရောဂါမှမရှိဘူး” ဟု ပြောဆိုသည်။

စစ်တပ်၏ ရိုက်နက်မှုကြောင့် သေဆုံးသွားသော လူငယ်မှာ အသက် ၃၀ အရွယ် ကိုရဲနိုင် ဆိုသူဖြစ်ပြီး သူ၏ ခေါင်းနှင့် ရင်ဘတ် ၂နေရာတွင်  အချက်ပေါင်းများစွာ ရိုက်နက်ခံခဲ့ရပြီး ၁လခန့်အကြာ နာတာရှည်ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင် တစ်ဦး က ပြောသည်။

အဆိုပါ စိုက်ပျိုးရေးတပ်စခန်း လမ်းမှ ဖြတ်သန်းသွားသူများကို တစ်ခါရံ ဖမ်းဆီရိုက်နက်မှုများ ပြုလုပ်နေဆဲဖြစ်သော်လည်း ဒဏ်ရာကြောင့် သေဆုံးသွားသူမှာ ကိုရဲနိုင်သည် ပထမဆုံးဖြစ်သည်ဟု ဒေသခံများ ပြောသည်။

စစ်ကောင်စီ၏ အဆိုပါ စိုက်ပျိုးရေးတပ်စခန်းတွင် ပုံမှန်အားဖြင့် စစ်သား ၁၀ ဦးဝန်းကျင်သာရှိပြီး လမ်းမကြီးသည် ဇီးအွန်ကျေးရွာမှတဆင့် လန်းတောင်၊ နောင်ခိုင့်နှင့် မချမ်းဘော့မြို့သို့ တစ်ဆက်တည်း သွားလို့ရသည့် လမ်းမကြီး တစ်ခုဖြစ်ကြောင်း သိရသည်။

ဒေသခံများအနေဖြင့်လည်း အဆိုပါ စိုက်ပျိုးရေးတပ်က မတရားရိုက်နက်မှုများပြုလုပ်နေသဖြင့် ဖြတ်သန်းသွားလာရန်ပင် စိုးရိမ်နေကြကြောင်း ပြောပါသည်။

Show More

Related Articles

Back to top button