လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကိုင်းတိုင်း ကျေးရွာအချို့ တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုများပြုလုပ်ကာ ပြည်သူအချို့ ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုလားလူးရွာမှ အပြစ်မဲ့ပြည်သူတစ်ယောက် ယနေ့ နံနက်ပိုင်းက အပစ်ခံရကာ ပြည်သူ ၈ဦးထိလည်း ဖမ်းဆီးခံထားရကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

“ရွာထဲ စစ်သားတွေဝင်လာတော့ ထွက်ပြေးရင်း စစ်သားတွေက လိုက်ပစ်တဲ့အချိန် သေနတ်မှန်တာလို့ သိရတယ်။ ပြီးတော့ ဒေသခံ ၂၅ ယောက်လောက် ဖမ်းထားတယ်။ တစ်ချို့လွှတ်ပေးပေမယ့် ၈ ယောက်ကျန်သေးတယ်။ ခုထိ မလွှတ်လာသေးဘူး” ဟု ဒေသဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။

သေနတ်ကျည်ထိမှန်ထားသူသည် စိုးရိမ်ရသည့်အခြေအနေရှိနေသည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် မကျီးအုပ်ရွာတွင်လည်း ဝင်ရောက်နေကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ ကုလားလူးရွာသို့ ဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည် ကုလားလူးရွာနှင့်  ၃မိုင်အကွာတွင်ရှိသည့်  ပျဥ်ထောင်ရွာတွင်တပ်စွဲထားသောအဖွဲ့ဖြစ်ပြီး မကျီးအုပ်ရွာသို့ ဝင်ရောက်သည့်တပ်သည် မကျီးကုန်းရွာနဲ့ ၁မိုင်အကွာရှိ ရွာသစ်ကုန်းရွာတွင် တပ်စွဲထားသည့် အဖွဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း လွှတ်တိုက်ရွာတွင် စစ်ကောင်စီမှ ဝင်ရောက်ရှာဖွေပြီး ဒေသခံတစ်ဦးကို မီးရှို့သတ်ဖျက်ခဲ့သည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည်။

“မနေ့ည ၆ နာရီ ဝန်းကျင်လောက်မှာ ဖြစ်မယ်ထင်တယ်။ စစ်သားတွေရှိနေသေးတော့ ဒီမနက်မှ သူတို့ရဲ့နေအိမ် အိမ်သာထဲမှာ မီးရှို့သတ်ထားတာ တွေ့တယ်လို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးရှို့သတ်ခံရသူသည် လွှတ်တိုက်ဒေသခံ ကိုငြိမ်းထွန်းဆိုသူဖြစ်ကာ စစ်ကောင်စီတပ်မှ ပစ်သတ်ကာ နေအိမ် အိမ်သာတွင်း မီးရှို့ထားကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ အောက်တိုဘာလ ၂၉ရက်နေ့ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာသို့ စစ်ကောင်စီတပ် အင်အား ၂၀၀ခန့်ဝင်ရောက်ကာ သေနတ်ပစ်ဖောက်ခဲ့ကြသည့်အတွက် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်း ‌နီးစပ်သူများမှ သိရသည်။

Show More

Related Articles

Back to top button