သတင်း

ရွှေကူမြို့အဝင် စစ်ကောင်စီ တပ်သား ၂ ဦးမိုင်ခွဲခံရသဖြင့် သေဆုံး

ရွှေကူမြို့အဝင်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး ယနေ့ နံနက်ပိုင်း မိုင်းခွဲခံရသဖြင့် သေဆုံးသွားကြောင်းသိရသည်။

ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် ရွှေကူမြို့အဝင်တွင် အခြေစိုက်ထားသော စစ်တပ်မှ စစ်သား ၂ဦးသည် ဆိုင်ကယ်ဖြင့် ရွှေကူမြို့  စစ်တပ်စစ်ဆေးရေးဂိတ်ရှိသော (၄) ဆုံးဆုံ ဘက်သို့ ဖြတ်လာခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်း ၂ကြိမ်ထက်မနည်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တစ်ပွင့် ဗိုလ်တစ်ယောက်နဲ့ တပ်သားအဆင့်ဘဲရှိမယ် ထင်တယ်။ စစ်တပ်ကနေ စစ်တပ်ဂိတ်ရှိသတဲ့ဘက်ကို ဖြတ်လာခဲ့တယ်။ KIA က ကြိုစောင့်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ၂ယောက်စလုံး အဲ့မှာ ပွဲချင်းပြီး ဆုံးသွားတယ်လို့ကြားတယ်။ မြို့ဘက်ကနေ လူနာတင်ကာနဲ့လာတင်သွားကြတယ်” ဟု ပြောဆိုသည်။

KIA က အဆိုပါ စစ်သား ၂ဦးကို မိုင်းခွဲ တိုက်ခိုက်ခဲ့သည့်အပြင် ရွှေကူမြို့အဝင်အထွက် စစ်တပ် စစ်ဆေးရေးဂိတ်ကိုလည်း ပစ်ခတ်မှုပြုလုပ်သွားခဲ့ကြောင်းနှင့် စစ်ဆေးရေးဂိတ်၏ ထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးကြောင်း သူက ဆက်ဆိုသည်။

စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရသည့်အပြင် စစ်ဆေးရေးဂိတ်ကိုပါ ပစ်ခတ်ခံရသောကြောင့် အာဏာသိမ်းစစ်ကောင်စီမှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁နာရီခန့်အကြာ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့သည် ဧရာဝတီမြစ်ဘေးတွင်တည်ရှိပြီး စစ်ကောင်စီမှ ကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့စဉ် KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်မှု ပုံမှန်ပြုလုပ်နေသော ဒေသဖြစ်သည်။

Show More

Related Articles

Back to top button