Covid-19 Reportingသတင်း

ကျောင်းသား ၆၀ ကျော် ကိုဗစ်ပိုးတွေ့သည့် ရှင်ဗွေယန်အထက်တန်းကျောင်းပိတ်ထားမည် မဟုတ်

ကျောင်းသား ၆၆ ယောက် ကိုဗစ်ပိုးကူးစက်ခံထားရသည့် တနိုင်းမြို့နယ် ရှင်ဗွေယန် အထက်တန်းကျောင်းကို ပိတ်ထားမည်မဟုတ်ပဲ ကျောင်းဆက်ဖွင့်သွားမည် ဖြစ်ကြောင်းသိရသည်။

တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ အထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့က ကျောင်းဆရာတစ်ဦးထံမှ ကိုဗစ်ပိုး စတင်စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကျောင်းသား/သူ များအား ဆက်လက်စစ်ဆေးခဲ့ရာ ကျောင်းသားကျောင်းသူ ၆၆ ဦး၊ ကျောင်းသားမိဘ ၁၉ အထိ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းသိရသည်။

သို့သော်လည်း ယင်းစာသင်ကျောင်းကိုပိတ်ထားမည်မဟုတ်ပဲ ကိုဗစ်ပိုးတွေ့ကျောင်းသား ကျောင်းသူများကိုသာ ဘုန်းကြီးကျောင်း၌ သီးသန့်ထားရှိကာ စာသင်ပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ကျောင်းကတော့ မပိတ်ဘူးဒီတိုင်းဆက်ဖွင့်မယ်။ ဘုန်းကြီးကျောင်းမှာ ကွာရန်တင်းစင်တာဖွင့်ပြီးတော့မှ Positive ဖြစ်တဲ့ကျောင်းသားကျောင်းသူတွေကိုအဲ့မှာထားပြီးပြုစုစောင့်ရှောက်မယ်။ စာလည်းဘုန်းကြီးကျောင်းမှာပဲ ဆက်သင်ပေးသွားမယ်” ဟု ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျန်ရှိသည့် ကျောင်းသားကျောင်းသူများကိုလည်း ကိုဗစ်ပိုးစစ်ဆေးပေးသွားမည်ဖြစ်ပြီး ကိုဗစ်ပိုးကင်းစင်သည့် ကျောင်းသားကျောင်းသူများမှာ စာသင်ကျောင်းတွင် ပုံမှန်အတိုင်း ကျောင်းတက်ရမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားမိဘများကမူ ကျောင်းကို ၁၀ ရက်ခန့်ပိတ်ထားစေလိုပြီး ပိုးတွေ့သည့် ကျောင်းသားကျောင်းသူများ ကိုဗစ်ပိုးကင်းစင်ပြီးမှသာ ကျောင်းပြန်ဖွင့်ပေးစေလိုကြောင်း ပြောဆိုနေကြသည်။

”ဒီနေ့လည်း ကျောင်းသားကျောင်းသူတွေကို ထပ်စစ်တယ်။ ထပ်တွေ့တယ်လို့သိရတယ်။ ဒါကြောင့်ဘာဖြစ်ဖြစ် ကျောင်းကို တစ်ပတ်ဆယ်ရက်တော့ပိတ်ရင်ကောင်းမယ်လို့ထင်တယ် မဟုတ်ရင်ဒီထက်ပိုဆိုးလာဖို့ပဲ ရှိမယ်လေး” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အဆိုပါ ရှင်ဗွေယန်အထက်တန်းကျောင်းသည် ရှင်ဗွေယန်မြို့ အမှတ် ၂ ရပ်ကွက်တွင်ရှိပြီး လတ်တလောကျောင်းတက်နေသည့် ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button