သတင်း

အင်းတော်ကြီးဒေသ အများပြည်သူသွားလာရန်အချိန်ကန့်သတ်ချက်ကို KIA နှင့် PDF တို့ ထုတ်ပြန်

ကချင်ပြည်နယ် အင်းတော်ကြီးဒေသအတွင်း ဖြတ်သန်းသွားလာနေသော ပြည်သူများ၏ အသက်အန္တရာယ်ကို ငဲ့ညှာသောအားဖြင့် အများပြည်သူသွားလာချိန်ကို ကန့်သတ်ထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ပူးပေါင်းတပ်တို့မှ ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မိဘပြည်သူများအနေဖြင့် ကားလမ်းမကြီးပေါ်တွင် ည ၇နာရီမှ နံနက် ၅နာရီအတွင်း ကုန်ကားကြီး၊ အိမ်စီးကားများသွားလာခြင်းမပြုရန်နှင့် နေ့အခါတွင် မိုးကာအုပ် ကားမှန်ချကာ သွားလာခြင်းမပြုရန် သတိပေး ကြေညာထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အင်တော်ကြီးဒေသတွင် အိမ်စီးကာနှင့် ကုန်တင်ကားများကို အသုံးပြုကာ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းမှုများ ပုံမှန်ပြုလုပ်နေသဖြင့် ၎င်းတို့ကို ထိရောက်စွာတုန့်ပြန်နိုင်ရန်အတွက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု KIA တပ်ရင်း (၂၆) မှ တာဝန်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။

“စစ်ကောင်စီတပ်က အရပ်သား ယောင်ဆောင်ပြီး ပုံမှန်သွားလာနေတာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အပိုင်းမှာ အခက်အခဲဖြစ်စေတယ်။ ဒီလို အချိန်မသတ်မှတ်ပေးရင် ပြည်သူတွေဘဲ ထိခိုက်မှုရှိမယ်။ ပြည်သူတွေအနေနဲ့လည်း ဒါကို သိစေချင်တယ်”ဟု KIA တပ်ရင်း ၂၆ မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

KIA နှင့် PDF ပူပေါင်းတပ်တို့၏ ကြေညာချက်ကို လိုက်နာမှုမရှိပါက နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း သူက ဆက်ဆိုထားသည်။

အာဏာသိမ်းပြီးနောက် အင်းတော်ကြီးဒေသတွင် စစ်ကောင်စီတပ်မှ ဆီဘောက်စာကားများ၊ ကုန်တင်ကားများနှင့် အိမ်စီးကားများကို အသုံးပြုကာ  စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပုံမှန်ရှိနေသောကြောင့် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ၅ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာ လဆန်းပိုင်းကလည်း စစ်ကောင်စီတပ်မှ KIA တပ်ရင်း ၂၆ ရှိသည့်ဘက်ကို တစ်ရက်အတွင်း လေကြောင်းဖြင့် ၅ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button