သတင်း

စစ်ကောင်စီနှင့် FPNCC တွေ့ဆုံမှုတွင် KIO ပါဝင်ခြင်း မရှိ

စစ်ကောင်စီ ကိုယ်စားလှယ်များ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု FPNCC တို့ကြား ဒီဇင်ဘာ ၁၅ ရက်နေ့ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုအထဲ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပါဝင်တက်ရောက်မှု မရှိခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“KIO အနေနဲ့တက်ရောက်တာ မရှိဘူး။ ကိုယ်စားလှယ်လွတ်တာတွေလည်း မရှိဘူး။ သူတို့ဟာနဲ့သူတို့ ဘာတွေဆွေးနွေးမယ်ဆိုတာ ကျွန်နော်တို့ဘာမှ မသိရပါဘူး။” ဟု KNG ကို ပြောဆိုခဲ့သည်။

စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု FPNCC တို့ တွေ့ဆုံရာတွင် ကျန်အဖွဲ့ဝင်များဖြစ်သော ဝ တပ်ဖွဲ့ UWSA ၊  မိုင်းလားတပ်ဖွဲ့ NDAA ၊ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ ရက္ခိုင့်တပ်တော် AA ၊ ကိုးကန့် MNDAA နှင့် SSPP/ SSA အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက် မှလည်း မြောက်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ကို ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ၆ ဖွဲ့ဖြင့်သာ ဆွေးနွေးနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချူပ်ဇော်မင်းထွန်း မှ မီဒီယာအချို့တွင် ဖြေကြားထားသည်ကို တွေ့ရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တစ်ဖွဲ့ချင်းစီ တွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အသေးစိတ်အကြောင်းအရာကို ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ယခုလို တွေ့ဆုံဆွေးနွေးမှုတွင် ကေအိုင်အိုအနေဖြင့် ပါဝင်တက်ရောက်ခြင်းမရှိသည့်ပေါ် မြစ်ကြီးနားအခြေစိုက် နိုင်ငံရေးသုတေသီ ဦးခွန်ဆမ် ယခုလို သုံးသပ်ထားသည်။

“ကျနော်တို့ သုံးသပ်မိသလောက်ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအနှစ်သာရအရ အဓိပါယ်ရှိရှိ အပြောင်းအလဲလုပ်ဖို့ Attitudes နဲ့ Behaviors မရှိသေးဘူးလို့မြင်တယ်။ ပြည်တွင်း ပြည်ပ ကန့်ကွက် အကြပ်ရိုက်လို့၊ NCA ဆွေးနွေးပွဲတွေ ရပ်နေလို့ အရင်က အဖွဲ့အနေနဲ့ မတွေ့ချင်တဲ့ PFNCC ကို ဘမ်းပြ ခေါ်တွေ့ချင်လာတယ်။ ဒါပေမယ် နိုင်ငံရေးအပေးအယူညို့နိုင်းဖို့ Compromise လုပ်ဖို့ လိုအပ်တဲ့ မူဝါဒ အပြောင်းလဲတွေကို ထုတ်ပြန်ကြေညာချက်တွေလဲ မတွေ့ရသေးဘူး၊ ပြန်ကြားရေးကနေ ပါးစပ်နဲ့ ထုတ်ဖော်ပြောဆိုတာလဲ မကြားဖူးသေးဘူး၊ နိုင်အောင်ဖိမယ် တိုက်မယ်၊ ဘယ်သူကန့်ကွက်ကန့်ကွက် သူလုပ်ချင်တာလုပ်မယ်ဆိုတဲ့ KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့ကို ဝင်စီးတဲ့ လုပ်ရပ်မျိုးပဲတွေ့နေရသေးတယ်။ ဒါကြောင့် အရေမရ အဖတ်မရ ဆွေးနွေးပွဲမျိုးကို စစ်ကောင်စီကို အစိုးရလို အသိအမှတ်ပေးယုံသက်သက် မလုပ်သင့်ဘူး၊ မပါသင့်ဘူးလို့ မြင်တယ်။ စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအပြောင်းအလဲ အပေးအယူအတွက် တကယ်အမခံချက်ရှိတဲ့ မူဝါဒပြောင်းလဲမှု ထုတ်ဖော်ကြေညာချက်တွေ ထုတ်ပြန်လာအောင်၊ ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုအပြုအမူတွေ အပြုသဘောဆောင်လာအောင် စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးသင့်တယ်၊ အရင်စောင့်ကြည့်သင့်တယ်လို့ မြင်ပါတယ်။” ဟု ပြောသည်။

စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းတော်လှန်ရေးအဖွဲ့များ မိုင်းလားမြို့တွင် တွေ့ဆုံနေသည့်အချိန်မှာတင် တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲတွင် စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့ကြား တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button