သတင်း

ခေါင်လန်ဖူးဒေသသို့ နယ်လှည့်ဆေးကုမည့် အစီအစဥ်အတွက်ပရဟိတ ဆရာဝန်နှစ်ဦးအရေးပေါ် လိုအပ်နေ

ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသဘက်သို့ ၁ လကြာ နယ်လှည့်ဆေးကုသမည့်အစီအစဥ်တွင် ပါဝင်ကူညီပေးနိုင်မည့်ပရဟိတ ဆရာဝန်နှစ်ဦးလိုအပ်နေကြောင်း သိရသည်။

”ကျွန်တော်တို့ဆီမှာ ဆေးဝါးတွေတော့ ရောက်သင့်သလောက်တော့ရောက်ပြီ။ လောလောဆယ်က ကျွန်တော်တို့ ပန်းဥယျာဥ်လူမှုကူညီရေးအသင်းထဲက ဆေးအဖွဲ့တွေပဲဖြစ်နေတယ်။ ပရဟိတဆရာဝန်နှစ်ယောက်လောက်ဆိုပြီး အကူအညီတောင်းနေတာ မရသေးဘူးဖြစ်နေတယ်။ ဆေးဝါတွေတော့စုဆောင်းထားပြီ လိုအပ်တာတွေလည်းရှိတော့ရှိတယ် သို့ပေမယ့် အဓိကလိုအပ်နေတာက ဆရာဝန်နှစ်ယောက်လိုနေတာ တစ်လလောက်ကြာမှာဆိုတော့ ဆရာဝန်တွေကအ့လောက်အချိန်ပေးနိုင်တဲ့လူမရဘူးဖြစ်နေတယ်” ဟု ပန်းဥယျာဥ်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။

ပန်းဥယျာဥ်လူမှုကူညီရေးအသင်းအနေဖြင့် လာမည့်ဖေဖော်ဝါရီလတွင် သွားရောက်ဆေးကုသရန်စီစဥ်ထားပြီး ရှိန်းခေါင်ရွာ၊ အမတ်ဂျုံရွာနှင့် အနီးတဝိုက်ရှိကျေးရွာများအားလုံးတွင် လှည့်လှည်ဆေးကုသပေးသွားမည်ဖြစ်ပြီး လိုအပ်လာပါက ခွဲစိတ်ကုသပေးရန်အထိ ပြင်ဆင်ထားသောကြောင့် ဆရာဝန်လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ဘက်ကပြင်ဆင်ထားတာကတော့ ကြုံရင်ကြုံသလိုပေါ့ ခွဲစိတ်ကုသရမယ့် လူနာကြုံလာရင်ခွဲစိတ်ကုသမယ် အခြေခံဆေးဝါးကုသရေး ပေါ့။ အဲလောက်အတိုင်းအတာအထိ သွားသွားရောက်ကုသဖို့ပြင်ဆင်ထားတယ်” ဟု အသင်းတာဝန်ရှိသူကပြောသည်။

ရှိန်းခေါင်ဒေသဘက်သည် ကချင်ပြည်နယ်အတွင်း၌ လမ်းပန်းဆက်သွယ်ရေးအခက်ခဲဆုံးဒေသဖြစ်သည့်အတွက် အဘက်ဘက်မှ ဖွံ့ဖြိုးမှုအားနည်းနေပြီး ဆေးဝါးရှားပါးသည့်အတွက် ကျန်းမာရေးအကူ အညီများစွာ လိုအပ်နေသေးကြောင်း သိရသည်။

”အဲ့ဘက်ဒေသကို ကျွန်တော်ရောက်ဖူးတယ်။ ခေါင်လန်ဖူးအထိကားလမ်းပေါက်တယ်ဆိုပေမယ့် အခုမှကားလမ်းစပေါက်တာ တာပေမယ့်ကျန်းမာရေးနဲ့ပတ်သက်ရင်တော့” Zero ”ပေါ့။ လုံးဝ zero ပဲ ကျန်းမာရေးစောင့်ရှောက်မှုအရမ်းအားနည်းတယ်။ အမတ်ဂျုံတို့ ဘက်က ရွာတွေဆိုရင် တကယ်ဆေးဝါးလိုအပ်ပြီးမှ တကယ်ဆရာ/ဆရာမတွေလိုအပ်တဲ့ဒေသ ဟုတ်တယ်။” ဟု ယင်းဒေသဘက်တွင်ရောက်ဖူးသည့် ပူတာအိုမြို့နေသူ အားဒီးက ပြောသည်။

ရှိန်းခေါင်၊ အမတ်ဂျုံဒေသဘက်သည် တရုတ်ပြည်နှင့်နယ်နမိတ်ချင်းထိစပ်နေပြီး ပုံမှန်အားဖြင့်ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်များအတွက် တရုတ်ပြည်နယ်စပ်ကို အားထားလျက်ရှိရာလတ်တလောတွင် နယ်စပ်ဝင်ပေါက်များကို တရုတ်အစိုးရဘက်က ပိတ်လိုက်သောကြောင့် ပိုမိုခက်ခဲလာရခြင်းဖြစ်ကြောင်းသိရသည်။

ပန်းဥယျာဥ်လူမှုကူညီရေးအသင်း၏ ရှိန်းခေါင်ဒေသဘက်နယ်လှည့်ဆေးကုမည့် အစီအစဥ်တွင် ပရဟိတဆရာဝန်များပါဝင်ကူညီလိုပါက ဖုန်းနံပတ် 09887074125 သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button