တိုက်ပွဲသတင်း

စီစီဝမ် တောင်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲက သမိုင်းဝင်တိုက်ပွဲကြီး ဖြစ်ပွားခဲ့တဲ့ စီစီဝမ်တောင်ဘက်မှာ ဒီကနေ့ ဇန်နဝါရီ ၈ ရက်မနက်အစောပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနက်အစောပိုင်း ၁ နာရီခန့်ကြာနှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေ ကြားနေရကြောင်း “လက်နက်ကြီး သူတို့ ထမ်းသွားတဲ့ဟာမျိုး အမြှောက်သေးတော့ ပစ်တယ်ထင်တယ်။ အသံကြားတယ်။ ဒီအမြောက်တပ်ကနေ အမြှောက်ကြီးတွေတော့ ပစ်ကူပေးတာတော့ မရှိဘူး။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

စီစီဝမ်တောင်ပေါ်ကို တက်လာတဲ့ စစ်ကောင်စီ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ ဇန်နဝါရီ ၈ ရက်မနက် ၆ နာရီ ခွဲ ဝန်းကျင်ကစ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်းသတင်း ရင်းမြစ် ၁ ဦးက ပြောပါတယ်။

နောက်ထပ် ဒေသခံ ၁ ဦးက “တပ်မဟာ ၆၊ တပ်ရင်း ၃၆ ဘက် တိုက်ပွဲ ဖြစ်နေတယ်။ မုံးပေါ်ဈေးရွာ ဆုတောင်းတောင် အနီးတဝိုက်ဘက်လည်း ၁၀ မိနစ်ကျော် ပစ်ခတ်သံတွေ ကြားရတယ်။” လို့ ပြောပါတယ်။

“ဒီနေ့လည်း ကျနော်တို့ ဆင်းလာပြီးနောက် စီစီဝမ်တောင်ပေါ်မှာ တိုက်ပွဲ ဖြစ်တယ်။” လို့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်အတွင်း စစ်ကောင်စီ တပ်မ ၉၉ နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ အကြား မုံးလီ မန်ကန်တောင်၊ ဖွန်းပြန်ယန် တို့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KIA ဘက်က ၁ ဦး ကျဆုံး၊ ၃ ဦး ဒဏ်ရာရကာ စစ်ကောင်စီဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု ရှိတဲ့အပြင် စစ်ကောင်စီရဲ့ လက်နက်ပစ္စည်း အသုံးအဆောင်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်ဖွဲ့၊ မုံးပေါ်ပြည်သူ့စစ်တပ်ဖွဲ့၊ KIA, MNDAA, SSPP/SSA နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်များ လှုပ်ရှား သွားလာရာ နေရာဖြစ်ပြီး ကြူကုတ် (ပန်ဆိုင်း) မြို့နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ် ၄ ရက်နေ့ကစ စစ်ကောင်စီနဲ့ ကိုးကန့် (MNDAA) တို့ ကျော့ပြန်စစ် စတင် ဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီနဲ့ KIA တို့က ယခုနှစ် ၂၀၂၂ နှစ်ဆန်း ၂ ရက်နေ့ကစ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button