သတင်း

ကသာနယ် မိုးတားကြီးရွာအနီး စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် ၃ စီးဖြင့်ဗုံးကြဲ

ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့အထက်ပိုင်း မိုးတားကြီးကျေးရွာအနီးတွင် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်က  စစ်ကောင်စီတပ် ဂျက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

” ၁၂ လုံးလောက်ကို ချသွားတာ ‌‌ နေအိမ်တစ်ချို့ မီးလောင်သွားတယ် ပြီးတော့ ကလေးငယ်က ၃ ယောက် လူကြီး ၂ယောက် ပေါင်း၅ ယောက်ဒဏ်ရာရတာ သေတဲ့သူရှိမရှိ စုံစမ်းနေဆဲဘဲ” ဟု ‌မိုးတားလေး ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်မှ ယခုလို ဗုံးကြဲတိုက်ခိုက်သည့်အတွက် မိုးတားကြီးကျေးရွာတွင် နေအိမ် ၅ လုံးနှင့် ဓမ္မာရုံတခု၊ ကချင်စု၌ လူနေအိမ်  အိမ် ၆ လုံးနှင့် ဘာသာရေးအဆောက်အဦး ဓမ္မရုံတစ်ခု မီး​လောင်ပျက်စီးခဲ့ပြီး ယင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူကြီး ၂ဦး စုစုပေါင်းဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူ ရှိမရှိကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ် ဗုံးကြဲခဲ့သည့်နေရာများသည် မိုးတားကြီးကျေးရွာ စျေးတန်း၊ ၄င်းရွာအနီး ကချင်စုနှင့် ဗျူဟာရောင်ခြည် ဘုန်းကြီးကျောင်းအနီးရှိ ဒေါ်အောင်လျှိုအပါအဝင် ၃ နေရာဖြစ်ကြောင်း သိရသည်။

လက်ရှိ မိုးတားလေးကျေးရွာတစ်လျှောက်မှ ဒေသခံများလည်း ထွက်ပြေးနေကြကြောင်း သိရသည်။

” ပြည်သူတွေကို ဘလိုင်းကြီး လာကြဲသွားတာ PDF ကိုလုပ်ချင်တာလားတော့ မသိဘူး ဒါပေမယ့် ဒီနေရာတွေမှာ ပြည်သူတွေရှိတယ်ဆိုတာတော့ သိသင့်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

မိုးတားလေးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲများ မကြာခနဖြစ်ခဲ့သော်လည်း ယခုရက်ပိုင်း ထိပ်တိုက် တိုက်ပွဲဖြစ်ပွားမှု အခြေနေမရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ အောက် တပ်ရင်း ၂၆ နယ်မြေတွင် တိုက်ပွဲမဖြစ်ပွားသော်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button