သတင်း

အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ဆရာမ ၂ ဦးအတွက် တရားမျှတမှုရရှိရေး မိသားစုဝင်များလိုလားနေဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းခါးကျေးရွာတွင် လူအုပ်စုလိုက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော ကချင်စေတနာ့ ဝန်ထမ်း ဆရာမ  ၂ ဦး၏အမှုသည် ယနေ့ တွင် ၇ နှစ် ပြည့်ပြီဖြစ်သော်လည်း တရားမျှတမှု ရရှိရေးအတွက် ဆက်လက် တောင်းဆိုနေမည် ဖြစ်ကြောင်း မိသားစုဝင်များ ပြောသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ ကောင်းခါးကျေးရွာတွင် သတ်ဖြတ်ခံရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ပညာရေးစေတနာ့ဝန်ထမ်း ဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင် တို့နှစ်ဦးရဲ့ အမှုနှင့်ပတ်သက်ပြီး ဆရာမ တန်ဘောင်ခေါန်နန်စင်၏ မိခင် ဒေါ် ဝါ့ခေါင် လုဘူက KNG ကို ယခုလို ပြောသည်။

“(၇)နှစ်တောင်ရှိပြီ။ ဒီနေ့အချိန်ထိ တရားမျှတမှုမရရှိသေးတဲ့အပေါ် မိခင်တစ်ယောက်အနေနဲ့ အရမ်းရင်ကွဲရတယ်။ ဒီအချိန်ရောက်လာတိုင်း၊ အချိန်က တစ်နှစ်ပြီးတစ်နှစ်ကြာလာချိန်မှာ ပိုပြီး ခံစားရတယ်။ ပိုရင်နာရတယ်။ ဒီလိုမျိုးပဲတော့ ရှေ့ဆက်မသွားချင်ဘူး။ မှန်ကန်တဲ့ တရားမျှတမှုကို ဘယ်အချိန်ထိကြာပါစေ မျှော်လင့်နေမှာပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် တရားမျှတမှုကို ရရှိဖို့မျှော်လင့်တယ်။ ဒီတရားမျှတမှုကို ရလည်းရချင်တယ်။ ကျမ ကလေးတို့ ၂ နှစ်ယောက် အခုလို သေဆုံးရတာကို တစ်နေ့မဟုတ်ရင် တစ်နေ့တော့ တရားမျှတမှုရရှိအောင် အားလုံးဝိုင်းဝန်း ကြိုးစားပြုလုပ်ပေးဖို့လည်း မျှော်လင့်တယ်။” ဟုဆရာမ တန်ဘောင်ခေါန်နန်စင်၏ မိခင် ဒေါ် ဝါ့ခေါင် လုဘူက KNG ကို ပြောသည်။

မိသားစုဝင်များသာမက ကချင်ပြည်သူများနှင့် အဖွဲ့အစည်းများမှလည်း ဆရာမ ၂ ဦး မတရား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး နှစ်စဉ်နှစ်တိုင်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်တိုက် တောင်းဆိုနေခဲ့သည်။

KBC မှဖွဲ့စည်းထားသော အမှုမှန်ပေါ်ပေါက်ရေးကော်မတီက လူသတ်မှုကျူးလွန်နိုင်ကြောင်း မသင်္ကာဖွယ်ဖြစ်သော စစ်ကောင်စီ ခမရ ၅၀၃ စစ်ကြောင်းမှုးအပါအဝင် စစ်သားအချို့ကို စစ်ဆေးရန်တောင်းဆိုသော်လည်း ရဲတပ်ဖွဲ့ဘက်က ငြင်းဆိုသဖြင့် အမှုနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်နေ့ လားရှိုးခရိုင်ရဲတပ်ဖွဲ့ရုံးတွင် တွေ့ဆုံခဲ့မှုမှာ နောက်ဆုံးဖြစ်သည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားရေးလုပ်ဆောင်မှုများမရှိတော့သည်မှာ ၆ နှစ်ရှိပြီဖြစ်သော်လည်း တရားမျှတမှုရရှိသည်ထိ ဆက်လုပ်သွားမည်ဟု အမှုမှန်ပေါ်ပေါက်ရေးကော်မတီ ဖြစ်သော Rev.Dr. Hkalam Samson က ပြောသည်။

“ကျနော်တို့ကတော့ အဖြေမထွက်မချင်းတော့ ရပ်နားလိုက်မှာမဟုတ်ဘူး။ အဆုံးသတ်လိုက်တာမဟုတ်ဘူး။ အခြေအနေအရ ခေတ္တရပ်နားနေရတယ်ဆိုတာပဲ။ ဒီဟာကို ရပ်လိုက်တော့မယ်။ ထားလိုက်တော့မယ်ဆိုတာတော့မရှိဘူး” ဟုပြောသည်။

စစ်တပ်ကို တရားခံအဖြစ်တစ်ယောက်ယောက်က တရားစွဲဆိုနိုင်လျှင် အမှုသည်တရားရုံးရောက်နိုင်သော်လည်း စစ်ကောင်စီကို ကြောက်သဖြင့် မည်သူမျှ မလုပ်ရဲသည့်အခြေအနေဖြစ်နေသည်ဟု Rev.Dr. Hkalam Samson က ပြောသည်။

ဆရာ မ ၂ ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်ထားသူမှာ မြန်မာစစ်တပ်ဖြစ်သည်ဟု သက်သေနှင့်တကွ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက အစီရင်ခံစာထုတ်ထားသည်မှာ ကချင်အမျိုးသမီးအဖွဲ့စည်း ထိုင်းနိုင်ငံ KWAT အဖွဲ့ဖြစ်သည်။

“တရားမျှတမှုအတွက် အခြားနိုင်ငံများရဲ့ ဖြစ်စဉ်တစ်ချို့က ကြည့်လိုက်ရင်လည်း ဒီပြစ်မှုကို တစ်နှစ်ထဲနဲ့ ရသွားတာရှိသလို၊ ဒီပြစ်မှုကို အချိန်တွေအကြာကြီး တော်လှန်ပြီး၊ ကြိုးစားရုန်းကန်ပြီးမှ ရရှိခဲ့တဲ့ တရားမျှတမှုတွေလည်း အများကြီးရှိတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ ကျနော်တို့ရင်ထဲ ယုံကြည်တာက တစ်နေ့နေ့တော့ တရားမျှတမှုရကို ရလိမ့်မယ်ဆိုတာ ယုံကြည်တယ်။ ဘာကြောင့်ဆိုရင် ဒီစစ်တပ်ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို ကျမတို့တွေ ရယူပြောင်းလဲလို့ ရနိုင်သွားပြီဆိုတဲ့ အချိန်တစ်ခုကို ရောက်အောင် ကြိုးစားရမှာပဲ။ ဒါကြောင့် အဲ့ဒီအချိန်ကိုရောက်ဖို့ ပြည်သူတွေရဲ့ ခံစားချက်ကနေဖြစ်ပေါ်လာတဲ့ စုပေါင်းခြင်းအင်အားက ခိုင်မာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့လည်း စိတ်ဓာတ်မကျပဲ တရားမျှတမှုအတွက် ဆက်တိုက်ကြိုးစားနေတာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။” ဟု ကချင်အမျိုးသမီးအဖွဲ့အစည်း( ထိုင်းနိုင်ငံ) KWAT မှ ပြောခွင့်ရှိသူ ဒေါ်မွန်းနေလီ ကပြောသည်။

ဆရာမ ၂ ဦးအမှုသာမက ကချင်ဒေသအနှံ စစ်တပ်၏ လူမဆန်သော သတ်ဖြတ်မှု ပုံစံများသည် တစ်ထေရာတည်းဖြစ်သည်ဟုလည်း ဒေါ်မွန်းနေလီ က KNG ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင်လည်း နွမ်းလန့်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သား ၃ ဦးက အဓမ္မပြုကျင့်ပြီးနောက် ဓါးဖြင့် ထိုးသတ်ခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။

ထိုကဲ့သို့ ကချင်စေတနာ့ဝန်ထမ်းဆရာမ ၂ ဦး၏ အမှုသည်လည်း အမှုမှန်ပေါ်ပေါက်မှုမရှိဘဲ နှစ်စဉ် သတိရအောက်မေ့ဆုတောင်းပွဲအဖြစ်သာ ပြုလုပ်နေရဆဲဖြစ်သည်။

Show More

Related Articles

Back to top button