သတင်း

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တရုတ်ယွမ်နှင့်သာ အခွန်ဆောင်ခွင့်ပြုတော့မည်

ရှမ်းမြောက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာ ကုန်သွယ်ခွန်ကို တရုတ်ယွမ်ဖြင့်သာ အခွန်ဆောင်ရတော့မည်ဟု နယ်စပ်ကုန်သည် လုပ်ငန်းရှင်များထံမှသိရသည်။

“အရင် အမေရိကန်ဒေါ်လာနဲ့ ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေကိုလည်း အဝင်ရော၊ အထွက်ရော အကုန်လုံး ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ယွမ်ငွေနဲ့ဆောင်မှ ဝင်ထွက်ခွင့် ပြုတော့မှာလို့ ‌ ပြောတယ်။ အဲတော့ ကျနော်တို့က ကုန်သွယ်ခ နှစ်ကြိမ်ဆောင်ရတော့ အဆင်မပြေဘူး” ဟု မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

အဆိုပါ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်‌ရေးဂိတ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ မှစကာ မြန်မာ ဗဟိုဘဏ်မှတစ်ဆင့် ဒေါ်လာဖြင့် အခွန်ဆောင်ရာမှ ယွမ်ငွေနှင့် အခွန်ဆောင်ဖို့ သတ်မှတ်လိုက်သည့်အပြင် ယခင်ဆောင်ထားပြီး ကုန်စည်အဟောင်းများလည်း ဖေဖော်ဝါရီ  ၇ ရက်နေ့အထိ ကုန်စည်ခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။

ကိုဗစ်-၁၉ အကြောင်းပြချက်နှင့် တရုတ်ဘက်မှ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့မှစကာ  နှစ်နိုင်ငံအဓိကကုန်သွယ်‌ ရေးဇုန်ဖြစ်သည့် ကျင်းစန်းကျော့ ဂိတ်ကို ပိတ်ခဲ့ တရုတ်ဘက်မှ ပိတ်ခဲ့သောကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းရှိ ဂိုဒေါင်များတွင် ဒေါ်လာနဲ့ အခွန်ဆောင်ပြီးသား ဆန်၊ ဆန်ကွဲ အိတ် သိန်းချီပိတ်မိနေတဲ့အပြင် ပဲမျိုးစုံ၊ ပြောင်း၊ ရော်ဘာ၊ ဇီးသီးခြောက်၊ စားသောက် ကုန်များ တွဲကားအစီးရေ ၁ ထောင်ဝန်းကျင် ရှိနေသေးကြောင်း သိရသည်။

ယင်းကဲ့သို့ ကုန်သွယ်ခွန်အား တရုတ်ယွင်ဖြင့် ဆောင်မည်ဆိုပါက တင်ပို့ပြီး ကုန်များအတွက် အဆင်ပြေသော်လည်း တင်ပို့နိုင်ခြင်းမရှိသေးသည့် ကုန်များ ထပ်မံပေးဆောင်နေရပြီး ကုန်တစ်မျိုးတွင် နှစ်ကြိမ်ပေးဆောင်နေရကြောင်း သိရသည်။

” ဒေါ်လာနဲ့ ဆောင်ပြီးသား မတင်ပို့ရသေးတဲ့ဟာတွေ ယွမ်နဲ့ ထပ်ဆောင်မှ တင်ပို့လို့ရတော့ ၂ ခါ ဆောင်ရတာပေါ့ ဆောင်ထားပြီးသားတွေတော့ ပေးသွားမယ်ပြောပေမယ့် ကိုယ့်တိုင်းပြည်ထဲမှာ မြန်မာကျပ်ငွေ သုံးနေတာကို ယွမ်အကောင့်ဖွင့်ပြီး ယွမ်ငွေနဲ့ ဆောင်ရမယ်ဆိုတာ မဖြစ်သင့်ဘူး” လို့ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့ပြင် တရုတ်ဘက်က ပေါ်လစီအရ မြန်မာယဥ်မောင်းများ မောင်းနှင်ခွင့်မရှိပဲ တရုတ် ခေါက်တိုယာဉ်မောင်းများသာ ဝင်ရသည့်အပြင် တရုတ် နှစ်သစ်ကူးကာလနှင့် တိုက်ဆိုင်သွားသောကြောင့် ခေါက်တို ယာဉ်မောင်းများ ငှားရမ်းရန် ခက်ခဲသွားကာ တင်ပို့နိုင်မှု အလွန်နည်းသွားကြောင်းလည်း လုပ်ငန်းရှင်များထံမှ သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းရှိ ဂိုဒေါင်များတွင်း ပိတ်မိကျန်ရှိနေသည့် ဆန်၊ စကွဲ၊ ပဲမျိုးစုံနဲ့ အခြားကုန်များအား ယာယီရပ်ဆိုင်းထားရာမှ ဖေဖော်ဝါရီလ ၈ရက်နေ့မှစကာ ယွမ်ငွေ အခွန်ဆောင်သည့် စနစ်သစ်နဲ့ ပြန်လည်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Bum Shep

Show More

Related Articles

Back to top button