လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်ထုတ်ကုန်များ ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်လှုပ်ရှားမှု ပိုများလာ

မြစ်ကြီးနားမြို့ပေါ် ကုန်စုံဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ် ဘီယာဖာ အများအပြားကို ဇန်နဝါရီလကုန်ပိုင်းမှာ KIO က ဝင်ရောက်ဖျက်ဆီးပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ မြို့တွင်းလှုပ်ရှားမှုကို ပိုမိုလုပ်ရှားလာပြီး စုံစမ်းစစ်ဆေးမှုတွေ ပိုလုပ်လာနေတယ်လို့ သိရပါတယ်။

အဲလို စစ်ဆေးစုံစမ်းပြီး ရက်ပေါင်း ၂၀ အတွင်းမှာ မြန်ကြီးနား မြို့ပေါ်မှာတင် လူငယ်တွေ အများအပြားကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မြစ်ကြီးနား မြို့ခံတယောက် က ပြောပါတယ်။

“နေ့တိုင်းနီးပါး ၊ ညတိုင်းနီးပါး စစ်တပ်က အရပ်ဝတ်နဲ့ရော ဝတ်စုံနဲ့ရော လူငယ်တွေကို စစ်ဆေးမှုတွေ ပိုတင်းကြပ်လာတယ်။ KIA တွေ ဒီလိုလုပ်တဲ့အပေါ်မူတည်ပြီး စစ်တပ်က KIA ပဲမြို့တွင်းဝင်ပြီး လုပ်တာတော့မဟုတ်ဘူး။ ဒါက လူငယ်တွေ မြို့ထဲရောက်နေပြီ။ PDF ကလေးတွေပဲ ထင်သွားပြီးတော့ လူငယ်တော်တော်များများကို လိုက်ပြီးစစ်ဆေးနေတယ်။ ပြီးတော့ အခန့်မသင့် စစ်ဆေးလို့ မရဘူး ပြေးရင်လည်း သေနတ်နဲ့ လိုက်ပစ်တယ်။ဒါမျိုးတွေ လုပ်နေတယ်။ ဒီကြားထဲမှာ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်။”

ဒါကြောင့် ဖေဖော်ဝါရီလဆန်းပိုင်း ကနေ ဒီကနေ့အထိ လမ်းပေါ်မှာ မတရားဖမ်းဆီးခံရတဲ့ လူငယ် ၁၀ ဦးထက်မနည်း ရှိနေပြီလို့ မြို့တွင်းလှုပ်ရှားနေတဲ့ PDF နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်ကလည်း မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအနီး ကားနဲ့ဖြစ်လာတဲ့ လူငယ် ၆ ယောက်ကို စစ်တပ်က လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး ရင်ဘတ်ကျည်ထိမှန်သေဆုံးသွားပြီးတော့ နောက်ထပ် လူငယ် ၅ ယောက် အဖမ်းခံရလိုက် ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် အရပ်ဝတ်စစ်ကောင်စီတပ်သားတွေက မြို့တွင်း စျေးဆိုင်တွေမှာလှည့်ပတ်ပြီးတော့ပြည်သူလူထုက သပိတ်မှောက်ထားတဲ့ Mytel SIM ကပ်တွေ နဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေ ထုတ်တဲ့ ဘီယာတွေ ရောင်းချခြင်း ရှိမရှိ၊ မရှိရင် ဘာလို့ မရောင်းတာလဲ ဆိုပြီး လိုက်လံ မေးမြန်းနေတယ်လို့လည်း ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“စစ်တပ်ဘက်ကလည်း ပြန်ပြီး ရောင်းဖို့ ဖိအားပေးပြန်လိုက်ပြောတယ်။ စျေးဆိုင်တွေမှာ သူတို့ ထုတ်ကုန်ရောင်းမရောင်း လိုက်မေးပြီး တချို့တွေဆို မရောင်းဘူးဆိုရင် ဘာလို့မရောင်းတာလဲ၊ ဘယ်သူ မရောင်းခိုင်းတာလဲ၊ ဆိုတာတွေမေးပြီး သတင်းအချက်အလက်စုံစမ်းမှုနေတွေ ရှိနေတယ်။”

ဒါကြောင့် စစ်တပ်ထုတ်ကုန်တွေကို ရောင်းချခြင်းမပြုတော့တဲ့ ဆိုင်ရှင်တွေကဘက်တော့ အခက်အခဲတွေ့ကြုံနေရပြီး အချို့ကတော့ ကုန်ပစ္စည်းပြတ်လပ်နေကြောင်း ပြောဆိုခဲ့တယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်တစ်ချို့ဆီက သိရပါတယ်။

ကချင်ပြည်နယ်က မြို့ကြီးတွေမှာ စစ်တပ်ရဲ့ ထုတ်ကုန်ပစ္စည်း သပိတ်မှောက် ဖျက်ဆီးတဲ့ လှုပ်ရှားမှုတွေကို KIA က တတ်နိုင်သမျှလုပ်ဆောင်နေပေမယ့် ဝယ်ယူအသုံးပြုနေတဲ့ ပြည်သူလူထုရှိနေသရွှေ့ အောင်မြင်မှာမဟုတ်ဘူးလို့ ဒီလှုပ်ရှားမှုမှာပါဝင်တေဲ့ လူငယ်တွေက ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ် နေရာတွေမှာ စစ်ကောင်စီတပ်သားတွေက ဧည့်စာရင်း စစ်ဆေးမှုများ လုပ်ဆောင်နေသလို အရင် စစ်အာဏာရှင်ကျရှုံးရေး ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေကိုလည်း ဖမ်းဆီးနေတာတွေ ရှိနေပါတယ်။

Show More

Related Articles

Back to top button