တိုက်ပွဲသတင်း

အင်းတိန်ရွာအနီး စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ထိခိုက်သေဆုံးမှု များနိုင်

မိုးညှင်းမြို့နယ်မှ ဆင်းလာသော စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်း ၃၃ စီးသည် ထီးချိုင့်မြို့နယ် အင်းတိန်ရွာအနီးတွင် ယနေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့်အတွက်  စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်ကြောင်း သိရသည်။

” ကား ၃၃စီးဟုတ်တယ် ဒါပေမယ့် ဒီကောင်တွေက ကျနော်တို့နယ်ဘက်ရောက်တော့ ရှိတဲ့ကားတွေအကုန်လုံးဖြန့်ပြီး ဆင်းလာတော့ အကုန်မမိလိုက်ဘူး မဟုတ်ရင်အကုန်ပြုတ်နိုင်တယ်” ဟု ထီးချိုင့် PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ယနေ့ နံနက် ၆နာရီဝန်းကျင်တွင် ထီးချိုင့်မြို့နယ် ကျောက်အိုက်၊ ဘိုတဲကုန်း၊ အင်းတိန်၊ အလယ်တော၊ ဆားတွင်း၊ ပေါက်ကုန်းနှင့် ကျက်သရေချောင်းရွာအနီးတဝိုက်တို့တွင် မိုင်း အလုံး ၂၀ ကျော်နှင့် နေရာ ၇ နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်‌ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ တိုက်ခိုက်ခံလိုက်ရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ထီးချိုင့်တံတားအနီးသို့ ထပ်မံဝင်ရောက်လာကာ ကြက်သွန်ခင်းရွာအနီးတွင် ပြည်သူများ၏ နေအိမ်များအား ပစ်ခတ်ခဲ့ကြောင်း ထီးချိုင့် ဒေသခံတစ်ဦး ပြောသည်။

” သူတို့အထိနာလို့ထင်တယ် ကားတစ်ချို့ဝင်လာပြီး သေနတ်တွေ ပစ်တာ ပစ်တာဆိုလေ မိုးပေါ်ထောင်မပစ်ဘူး ဘေးတွေ လျှောက်ရမ်းပစ်တာ အိမ် ၆အိမ်လောက်တော့ တော်တော်ထိသွားတယ်” ဟု ထီးချိုင့်ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ဒေသခံလူငယ် ၁၀ ဦးခန့်ကို ဖမ်းဆီးထားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” ခုချိန်ထိတော့ မြို့ထဲကနေ ဘယ်သူမှ မထွက်ရဲသေးဘူး လောလောဆယ် ကြားရ‌သလောက်တော့ ဖမ်းသွားတာ ပြည်သူတွေထိတာတွေတော့ မကြားရသေးဘူး ” ဟု ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဒေသခံတစ်ဦးက ပြောသည်။

‌‌ထီးချိုင့် PDF အဖွဲ့၏ ပြောပြချက်အရ မိုင်းဆွဲ တိုက်ခိုက်‌မူကြောင့် ကား ၂စီး မောင်းမရတော့ဘဲ ပျက်စီးသွားသည့်အပြင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မကြာခနဆိုသလို စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ဖြစ်သည့် ထီးချိုင့်၊ အင်းတော်၊ မော်လူး၊ မော်ဟန် လမ်းမကြီးပေါ်တစ်လျှောက်တွင် ဒေသခံကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်ခံရမြဲ ဖြစ်သည်။

Show More

Related Articles

Back to top button