တိုက်ပွဲသတင်း

ပူတာအိုတွင် ဓာတ်ဆီ စတင်ပြတ်လပ် ဆီပန့်ဆိုင်အချို့ စပိတ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဓာတ်ဆီပြတ်လပ်မှုစတင်နေပြီး ဆီပန့်အရောင်းဆိုင်ကြီးများလည်း စပိတ်နေပြီဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဘက်တိုက်ပွဲခပ်စိပ်စိပ် ဖြစ်လာပြီး ဓာတ်ဆီ နှင့် အခြားစက်သုံးဆီများ သယ်ယူပို့ဆောင်ရန်ခက်ခဲလာသည့်အတွက် ဆီပန့်အရောင်းဆိုင်ကြီးများလည်း စပိတ်နေပြီဖြစ်ကြောင်း ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

”အခုကဓာတ်ဆီ လိုသလောက်မရနိုင်တော့ဘူး။ တစ်ယောက်ကို နှစ်ဂါလံအလွန်ဆုံးပဲ ရောင်းပေးတယ်။ ဒါတောင်တချို့ဖွင့်တဲ့ဆီပန့်ဆိုင်တွေမှာပဲရတာ တချို့ဆိုင်တွေကပိတ်ကုန်ပြီ။ အခုဖွင့်တာက တိုင်းကျော်ဖွင့်တယ်တစ်ခုဘဲဖွင့်တယ် Petro 7 ရယ် ဇေယျာမင်းရယ်တော့ ပိတ်နေပြီ။ မဖွင့်တော့ဘူး ဆီမရှိတော့လို့ပိတ်လိုက်တာလို့ပြောတယ်။ တိုင်းကျော်တော့ဆီကျန်သေးလို့ရောင်းတယ် ဒါတောင် လူတစ်ယောက်ကို နှစ်ဂါလံနှုန်းပဲရတယ်”ဟု ကောင်ကထောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။

လက်ရှိ ဆီလက်ကျန်ရောင်းချပေးနေသည့် တိုင်းကျော်ဆီဆိုင်တွင်လည်း လူတစ်ဦး နှစ်ဂါလံနှုန်းဖြင့် ၉၂ တစ်ဂါလံကျပ် ၁၀၀၀၀ ၊ ၉၅ တစ်ဂါလံကျပ် ၉၀၀၀နှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရသည်။

ပူတာအိုတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ မှစတင်ကာ ဓာတ်ဆီပြတ်လပ်မှုစတင်လာပြီး ၉၂ တစ်ဂါလံ ၈၀၀၀ ကျပ်မှ တစ်သောင်းကျပ် ၉၅ တစ်ဂါလံ ၇၀၀၀ကျပ်မှ ၉၀၀၀ ကျပ်အထိမြင့်တက်လာခဲ့ရာ ဖေဖော်ဝါရီလ ၁၅ရက်နေ့ နောက်ပိုင်းတွင် ဓာတ်ဆီလုံးဝ ပြတ်လပ်သွားသောကြောင့် ဆီဆိုင်အချို့ပိတ်ထားရကြောင်း သိရသည်။

”အချို့ဆီဆိုင်တွေက ပိတ်ထားတာ သုံးရက်လောက်ရှိနေပြီ။ သူတို့က ဆီလက်ကျန်လုံးဝကုန်သွားတာလို့သိရတယ်။ ကျနော်တို့တောင်ဆီလက်ကျန်လည်းရှိနေသေးလို့ ဆက်ရောင်းနေတာ ကျနော်တို့လည်းမလိုတော့ဘူးပိတ်ရတော့မယ် ဆီကားတွေက လာလို့မရဘူးဖြစ်နေတာ” ဟု ပူတာအိုတိုင်းကျော်စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဓာတ်ဆီပြတ်လပ်လာမှုကြောင့် ပူတာအိုတွင် စားသုံးကုန်၊ လူသုံးကုန်စျေးနှုန်း များလည်းမြင့်တက်နေကြောင်းသိရပြီး  ခရီးသည်တင်ယာဥ်မောင်းသည့် ကား သမားအချို့လည်း လုပ်ငန်းရပ်နားထားကြောင်းသိရသည်။

ပူတာအိုဒေသတွင် စက်သုံးဆီများကို တိုင်းကျော် ၊ဇေယျာမင်း၊ Petro 7 တို့က အဓိက ဖြန့်ဖြူးရောင်းချ ပေးနေသည်ဟု သိရသည်။

ထို့ပြင် မြစ်ကြီးနားမှ တက်လာသည့်စက်သုံးဆီကားကြီးများမှာ ဖုန်ချန်ရွာတို့ရောက်နေပြီဖြစ်သော်လည်းလုံခြုံရေးနှင့် လမ်းပိုင်းအခက်အခဲများကြောင့် ဖုန်ချန်ရွာမှ ပူတာအိုဘက်သို့လတ်တလော တင်ပို့နိုင်ခြင်း မရှိသေးကြောင်းသိရသည်။

”ဆီကားတွေက ဖုန်ချန်ရွာမှာရောက်နေကြ ပြီ လွန်ခဲ့တဲ့ ၂ ရက် ၃ရက်လောက်ကတည်း ကရောက်နေတာ ပူတာအိုဘက်ပို့မယ့်ဆီတွေတဲ့။ လောလောဆယ်က မပို့သေးဘူး။ တင်ပို့ခွင့်ပိတ်ထားတာလား တိုက်ပွဲဖြစ်နေလို့ မပို့ရဲတာလားတော့သေသေချာချာ မသိဘူး” ဟု ပူတာအို-မြစ်ကြီးနားလမ်းပိုင်းတွင် မောင်းနင်နေသည့် ကားသမားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ကဆွမ်ပီယန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည့်နောက်ပိုင်းပူတာအိုဒေသတွင်စစ်ရေး တင်းမာလာရာမှ ယခုကဲ့သို့စက်သုံးဆီသယ်ယူရန်ခက်ခဲလာရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button