Covid-19 Reportingသတင်း

မိုင်ဂျာယန်တွင် အသက် ၅ နှစ်အရွယ်ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ရှိ အသက် ၅ နှစ် အရွယ်ကလေးများကို ယခုလမှစတင်ကာ SINOPHARM  ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမကြိမ် စတင်ထိုးနှံပေးနေပြီဟု မိုင်ဂျာယန် ကျန်းမာရေးဌာနမှ သိရသည်။

မိုင်ဂျာယန်မြို့နေ ပြည်သူများအား ကိုဗစ်ရောဂါ ရှိမရှိ အကြိမ်ကြိမ် စစ်ဆေးပြီးနောက် အသက် ၅ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတာဖြစ်ကြောင်း မိုင်ဂျာယန် ကျန်းမာရေးဌာန အတွင်းရေးမှူး ဆရာဇော်ဘောက်က KNG ကို ပြောသည်။

“ကျနော်တို့ မိုင်ဂျာယန်က ပြည်သူတွေကို ပုံမှန် swab စစ်ဆေးမှု ပြုလုပ်တယ်။ ကျန်းမာရေးကောင်းလား အရင်စစ်ကြည့်တယ်။ ကျန်းမာရေးကောင်းတယ်ဆိုမှ ကာကွယ်ဆေးထိုးပေးတယ်။ ကျနော်တို့ ဆေးက SINOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးပေးတယ်။ ကျနော်တို့ လူအင်အားမလောက်လို့ တစ်ခါတစ်လေတော့ ၂ ရက် ၃ ရက် ဆေးစစ်လိုက် ၂ ရက် ၃ ရက်နေရင် ဆေးပြန်ထိုးပေးလိုက်နဲ့ လုပ်ဆောင်နေပါတယ်။” ဟု ဆိုသည်။

ကိုဗစ်ကာကွယ်ဆေးကို လတ်တလော အဆုတ်တီဗီဆေးသောက်နေသူ ၊ နာတာရှည်ရောဂါရှိသူ ၊ မွေးရာပါနှလုံးရောဂါရှိသူ ၊ HIV ပိုးရှိသူ နှင့် ရာသီတုတ်ကွေး နှာစီးချောင်းဆုံးဖြစ်နေသူများမှအပ ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။

“နှလုံးမကောင်းတဲ့သူတွေကို မထိုးဘူး။ ရာသီတုတ်ကွေး နှာစီးချောင်းဆုံးဖြစ်နေတဲ့သူတွေကို မထိုးဘူး။ HIV ဖြစ်တဲ့သူတွေကိုလည်း မထိုးဘူး။ အဆုတ်တီဗီဖြစ်နေတဲ့သူတွေ နာတာရှည်ရောဂါဖြစ်နေတဲ့သူ ဆေးစားနေတဲ့သူတွေကို မထိုးပေးဘူး။ ချို့ယွမ်းချက်အနေနဲ့ မွေးရာပါ နှလုံးရောဂါရှိတဲ့သူတွေကိုလည်း မထိုးပေးဘူး။” ဟု မိုင်ဂျာယန် ကျန်းမာရေးဌာန အတွင်းရေးမှူး ဆရာဇော်ဘောက်က ဆက်ဆိုထားသည်။

လက်ရှိ အသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေးကို မိုင်ဂျာယန်မြို့နယ်ရှိ အသက် ၅ နှစ်အရွယ်များကို ပထမကြိမ် ထိုးနှံပေးနေသည်မှာ လူဦးရေ အယောက် ၂၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး ဒုတိယကြိမ် ကိုဗစ်ကာကွယ်ဆေးကို ၂၁ ရက်ကြာပြီးနောက်မှ  ထိုးနှံရမည် ဖြစ်သည်။

လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၅၀ ဝန်းကျင်ရှိနေသော်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိုင်ဂျာယန်မြို့တွင် ပိုးတွေ့လူနာထပ်တိုးခြင်း မရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button