သတင်း

တောထဲထွက်ပြေးနေရတဲ့ ပူတာအို စစ်ရှောင်များ ကျေးရွာကိုပြန်လာနိုင်ဖို့ တောင်းဆိ

ပူတာအိုမြို့နယ် ဆွမ်ပီယန် နှင့် အင်စီယန် ကျေးရွာတွေက တောထဲ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ ရွာကိုပြန်လာနိုင်ဖို့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

လက်ရှိ ဆွမ်ပီယန်နှင့် အင်စီးယန်ကျေးရွာ ၂ ခုမှာ မတ်လ ၃ ရက်နေ့ကတည်းက စစ်ကောင်စီတပ် ဝင်ရောက်နေရာယူထားပြီး ဒေသခံတွေကိုလည်း ရွာကိုပြန်လာရင် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်စီယန်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“ရွာသားတစ်ချို့က မသိဘဲ ရွာကိုပြန်ကြတယ်။ စစ်သားတွေက ဖမ်းပြီး ‘မပြန်နဲ့ ပြန်လာရင်ပစ်မယ်လို့’ပြောပြီး ပြန်လွတ်ပေးတာ ၂ကြိမ် ရှိသွားပြီ။ ပြန်လာချင်ရင် ဘာသာရေးခေါင်းဆောင်တွေကိုခေါ်ပြီးပြန်လာကြတဲ့။ နောက်ရိက္ခာပြတ်သွားရင်လည်း ရွာထဲကို အလံဖြူထောင်ပြီး အနည်းဆုံး ၃ ယောက်လောက်ဘဲ လာလို့ရတယ်တဲ့။ အဲ့လိုပြောထားတော့ ဘယ်သူမှ မပြန်ရဲကြဘူး” လို့ ပြောပါတယ်။

ဒါကြောင့် ဒေသခံတွေကဘက်လည်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ၊ မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) နှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) တို့ထံ မတ်လ ၉ ရက်နေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။

ပူတာအိုစစ်ရှောင်တွေရဲ့ တင်ပြချက်ကို ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ ထပ်မံ စာတင်ပြတောင်းဆိုထားတယ်လို့ မြစ်ကြီးနားခရစ်ယာန်ကောင်စီ MCC မှ ဆရာတစ်ပါးက အခုလိုပြောပါတယ်။

“ပူတာအိုစစ်ရှောင်တွေက သူတို့ရဲ့အခက်အခဲတွေကို ကူညီပေးဖို့ PCG နဲ့ WMR တို့ တင်ပြလာတယ်။ အဲ့ဒါကို ကျနော်တို့ ဘာသာရေးအဖွဲ့ကလည်း ပူးပေါင်းပါဝင်ပြီး ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့အတွက် ကချင်ပြည်နယ် ဥက္ကဋ္ဌ နဲ့ တိုင်းမှူး ၂ နေရာမှာ တင်ပြတောင်းဆိုထားတယ်။ ဒါပေမယ့် အခုက သူတို့ဘက်မှ ဘာမှ ပြောဆိုထားခြင်းမရှိသေးဘူး” လို့ MCC ဆရတစ်ပါးက ဒီမနက်ပိုင်းက KNG ကို ပြောဆိုခဲ့ပါတယ်။

ပူတာအိုမြို့နယ် ဆွမ်ပီယန်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မတ်လ ၃ ရက်နေ့မှာ စစ်ကောင်စီက ကျေးရွာကို ပြန်လည် ထိန်းချုပ် နေရာယူလိုက်ပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီလဆန်းကတည်းက ပူတာအိုမြို့နယ်အတွင်းရှိ လုန်ရှာယန်၊ ဖတ်မာ၊ ဆွမ်ပီယန်နှင့် အင်စီယန် စတဲ့ကျေးရွာတွေက ဒေသခံလူဦးရေ ၅ ထောင်ကျော် တောထဲ ထွက်ပြေးနေရတာဖြစ်ပါတယ်။

စစ်ရှောင်အချို့ မြစ်ကြီးနားဘက်ကို ထွက်ပြေးလာနိုင်ပေမယ့် အများစုကတော့ တောထဲမှာပဲ ခိုလှုံနေတာ ၁ လ ကျော်လာပြီ ဖြစ်တာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီး ဘယ်ကို ရှေ့ဆက်ရမယ်မှန်းမသိ အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တောထဲရောက်နေတဲ့ ဒေသခံတွေအနေနဲ့ အစားအသာက်အတွက် ရွာကိုပြန်လာမယ်ဆိုရင် အလံဖြူထောင်ပြီး လူ ၃ ယောက်ပဲ ပြန်လာရမယ်လို့ ပြောဆိုထားတာကြောင့် ခက်ခဲမှုရှိနေတယ်လို့ တောထဲရောက်နေတဲ့ ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“အခုကျနော်တို့က တောထဲမှာနေတာကြာလာတော့ တစ်ချို့က ကျန်မာရေးသိပ်မကောင်းကြဘူး။ အဓိကတော့ အစားအသောက်ပေါ့။ ပိုဆိုတားက ဘယ်ဘက်ကိုမှ သွားလာလို့မရတာက အရမ်းခက်ပါတယ်။ အဖွဲ့အစည်းတစ်ချို့က ကူညီချင်ကြတယ်။ ဒါပေမယ့် အဝင်အထွက်လုပ်လို့မရတော့ အကူအညီရဖို့ခက်ခဲတယ်။ တောထဲမှာ နေထိုင်စရာလည်း အရမ်းခက်ခဲလာပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ပတ်လောက်က ပူတာအိုမြို့ကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ စစ်အင်အားတိုးချဲ့ချထားပြီးတဲ့နောက် မြစ်ကြီးနား လမ်းမကြီးဖြစ်တဲ့ ဆွမ်ပီယန်တစ်ဝိုက်ကိုလည်း တိုက်လေယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် မတ်လ ၃ ရက်နေ့မှာ KIA သိမ်းပိုက်ထားတဲ့ ဆွမ်ပီယန်ကျေးရွာကို ဝင်ရောက်နိုင်ခဲ့ပြီးတော့ KIA နှင့် PDF ဘက်က တိုက်ခိုက်မှု ပြန်လုပ်လာခဲ့ရင် ကျေးရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခံရပြီးတဲ့နောက် KIA နှင့် PDF ဘက်ကလည်း နောက်ဆုတ်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆွမ်ပီယန် နှင့် အင်စီးယန်ကျေးရွာ ၂ နေရာတွင် စစ်ကောင်စီတပ် စစ်အင်အား ၃၀၀ ဝန်းကျင်ခန့် တပ်စွဲနေထိုင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Show More

Related Articles

Back to top button