တိုက်ပွဲသတင်း

စစ်အင်အား ၄၀ ကျော်ပါသည့် စစ်တပ် မော်တော်ယာဉ်တစ်စီး စောင့်ကြိုတိုက်ခိုက်ခံရ

ရွှေကူဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် မော်တော်ယာဉ်တစ်စီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ယနေ့ နံနက် ၄နာရီဝန်းကျင် ရွှေကူမြို့နှင့် ကျောက်ကြီးရွာကြားတွင် မြို့လှ PDF တပ် မှ RPG နှင့် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မနေ့က ရွှေကူဆိပ်ကမ်းမှာ သင်္ဘောညအိပ်တယ် သူတို့က သင်္ဘောလုံခြုံရေးယူရင်း အဲ့ဒီသင်္ဘောကနေ ရိက္ခာတွေ ကဲ့ယူတဲ့သဘောဖြစ်မယ်ဗျ။ သူတို့မော်တော်တစ်စီးထွက်လာတာ သတင်းရလို့ ကြိုစောင့်နေတာ ကျွန်တော်တို့က RPG တစ်လုံးနဲ့စပစ်လိုက်တာ သံခွန်ဝမ်းထဲ ထိသွားတယ် ပြီးမှ လက်နက်ငယ်နဲ့ ဆက်တိုက်ပစ်လိုက်တယ်” ဟု မြို့လှ PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရသည့် မော်တော်ယာဉ်သည် မတ်လ ၁၄ ရက်နေ့ ပစ်ခံရသည့် သင်္ဘောကို လုံခြုံရေးယူပေးသည့် မော်တော်ယာဉ်ဖြစ်ပြီး လက်ရှိ သင်္ဘောပေါ်မှ ရိက္ခာများ သယ်ယူနေသည်ဟု ယူဆရကြောင်း သိရသည်။

“ကျနော်တို့ ခန့်မှန်းတာတော့ သင်္ဘောပစ်ခံရတော့ ရိက္ခာတွေကို တစ်ဆင့်ပြန်သယ်ယူနေတယ်လို့ ယူဆတယ် အင်အားကတော့ ၄၀ကျော်လောက်ပါလာတာပေါ့” ဟု မြေပြင်သတင်းပေးပို့သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယခု ရက်ပိုင်းအတွင်း ကသာအထက်ပိုင်း တစ်လျှောက်ရှိ ၎င်းတို့တပ်စွဲနေရာယူထားသည့် တပ်စခန်းများတွင် ရိက္ခာပိုမို ဖြည့်တင်းလာသည့်အပြင် ယခုရက်ပိုင်းတက်လာသည့် သင်္ဘောမှ ရွှေကူတွင် ဆန်အိတ်ပေါင်း ၂၀၀၀ ကျော်ချထားသည့်အပြင် ကသာတွေလည်း ဆန်အိတ် ၂၀၀၀ နီးပါးချပေးထားခဲ့ကြောင်း သိရသည်။

အလားတူ သင်္ဘောလာရာ လမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးအင်းအား ယခင်ထက်ပိုမိုတိုးမြင့်လာကြောင်း သိရသည်။

“တိုးလာတာ‌ပေါ့ သိသိသာသာဘဲ ခါတိုင်းသင်္ဘောတက်တုန်းက မြစ်ကြောင်းတလျောက် လုံခြုံရေးယူတာ အင်အားအခုလောက်မများဘူး အခုလုံခြုံရေးအင်အား တော်တော်များတယ်” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုကဲ့သို့ သင်္ဘော အတက်မြစ်ကြောင်းတစ်‌‌လျှောက် လုံခြုံရေးတိုးမြင့်လာသည့်အပြင် စစ်ကောင်တပ်များ၏ လက်နက်ကြီးယမ်းသမ်းပစ်ခတ်မူကြောင့် မြစ်ကြောင်းတစ်လျှောက် ကျေးရွာနေပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကသာမြို့ အထက်ပိုင်းမြစ်‌ကြောင်းတစ်လျှောက် မတ်လအတွင်း စစ်‌ကောင်စီတပ်၏ သင်္ဘောပစ်ခံရမှု ၆ ကြိမ် ထက်မနည်း ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button