သတင်း

ဒေါက်တာ M Kawn La မြစ်ကြီးနားမြို့နယ်ရဲစခန်းတွင် ထပ်မံတရားစွဲဆိုထား

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၂နှစ် ချမှတ်ခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းတွင် စစ်တပ်ဘက်က ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံ အမှုဖွင့်စွဲချက်တင်ထားကြောင်း သိရသည်။

မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ၂၀၂၁ ဩဂုတ်လ ၂၆ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံတရားစွဲဆို ထားခြင်းဖြစ်သည့်အတွက်ကြောင့် လာမယ့် ဧပြီလ သင်္ကြန်ပွဲတော်မတိုင်မှီ ထပ်မံ တရားရင်ဆိုင် ခံရနိုင်ဖွယ်ရှိသည်ဟု KNC ပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“ဒီအမှုက နေပြည်တော်မှာ ဖမ်းဆီးခံရတဲ့ နောက်တစ်ရက်ဆို မြစ်ကြီးနားမှာလည်း ပြန်စွဲခံထားရတဲ့အမှုပါ။ စစ်တပ်ဘက်ကနေ ထပ်မံ တရားစွဲထားတယ်လို့လည်း အခုတလောမှာဘဲ ပြန်သိရလို့ အားလုံးကို ပြန်အသိပေး လိုက်တာပါ။ တာဝန်ရှိတဲ့သူတွေကို ဘာလို့စွဲထားတဲ့အကြောင်း သွားမေးတော့ ပုဒ်မက သေချာ မသိရသေးဘူး။ ဒါပေမယ့် ၅၀၅(က)လို့ဘဲတော့ကြားနေတယ်။ ဒီအမှုကိုတော့ သင်္ကြန်ပွဲရက်အတိုင်မှီ အမှုရင်ဆိုင်ရှိတယ်လို့ဘဲ သိရတယ်” ဟု ပြောဆိုသည်။

ဒေါက်တာ M Kawn La ကို မြစ်ကြီးနားမြို့နယ် တရားရုံးတွင် အမှုဖွင့်စွဲချက်တင်ထားသည့်အပေါ် မည်သည့်အကြောင်း အရင်းကြောင့် တရားထပ်မံစွဲဆိုထားကြောင်း အသေးစိတ်မသိရသေးသော်လည်း စွဲချက်တင်ထားသည့် အမှုကို ဖြေရှင်းပေးရန်အတွက် စစ်တပ်ဘက်ကနေ ကချင်ပြည်နယ် စစ်ကောင်စီအဖွဲ့ထံသို့ စာတင်ပြတောင်းဆိုထားပြီ ဖြစ်ကြောင်းလည်း ဆက်သိရသည်။

ယခုလို ဒေါက်တာ M Kawn La ထပ်မံ တရားစွဲဆိုခံထားရသည့်အပေါ် KNC ပါတီအနေဖြင့် လူတစ်ဦး တစ်ယောက်ကိုဘဲ တူညီသော ပုဒ်မ ဖြင့် ၂ ကြိမ်တရားစွဲဆိုခံရသည်မှာ မတရားမှုသာဖြစ်နေသည်ဟု KNC ပါတီတာဝန်ရှိသူက ဆက်ဆိုထား သည်။

“ပုဒ်မ တစ်ခုထဲကိုဘဲ ၂နေရာမှာစွဲဆိုတာက မတရားမှုလို့ဘဲ မြင်တယ်။ တကယ်တမ်းတရားရင်ဆိုင် ဖြေရှင်းတဲ့အခါမှာလည်း တရားမျှတမှုနဲ့ ဖြစ်ချင်တယ်။ ဒါပေမယ့် အခုချိန်မှာက တရားလိုဘက်ကနေ ဘယ်ချိန်လုပ်ဆောင်သွားမယ် ဆိုတာကို အသေးစိတ်မသိရသေးတဲ့အတွက် ကျန်တဲ့အပိုင်းကိုတော့ အသေးစိတ်မပြောလိုသေးဘူး” ဟု ပြောဆိုသည်။

KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ပြီးခဲ့သောအပတ် မတ်လ ၂၃ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းတွင် ဒုတိယအကြိမ် ထပ်မံအမှုရင်ဆိုင်ရမှာဖြစ်ပါသည်။

ဒေါက်တာ M Kawn La သည်ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့် နေပြည်တော်တွင် ဖမ်းဆီးခံလိုက်ရပြီးနောက် ၇ လခန့်အကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရခြင်းလည်းဖြစ်ပါသည်။ ထို့နောက် မတ်လ ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button