မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဘိန်းအစားထိုးအဖြစ် လယ်ယာမြေ ဖော်ထုတ်ခွဲဝေ ပေးရန် KIO စီစဉ်နေ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်(ခွဲ) တရုန် နှင့် တခက်ကျေးရွာများတွင် ဘိန်းအစားထိုးအဖြစ် လယ်ယာမြေ လုပ်ကိုင်နိုင်ရေးအတွက် ဒေသခံများကို မြေနေရာခွဲပေးရန် စီစဉ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟူးကောင့်ချိုင့်ဝှမ်းဒေသအဖွဲ့မှ သိရသည်။

KIO ၏ မူးယစ်တိုက်ဖျက်ရေး စီမံချက်ဖြင့် မေလ မှ စတင်ကာ အိမ်ထောင်စု တစ်ခုတွင် မြေ ၂ ဧကစီ ခွဲဝေ ပေးသွားမည်ဖြစ်ပြီး KIO အနေဖြင့် အိမ်ထောင်စု ၁၀၀ အတွက် စိုက်ပျိုးမြေဧက ၂၀၀ ဝန်းကျင် လျာထားသည်ဟု KIO ရှင်ဗွေယန်တိုက်နယ်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။

“ကျေးလက်ဒေသမှာ စားဝတ်နေရေးခက်ခဲ့တဲ့အတွက် ဘိန်းစိုက်ပျိုးတာတွေ လုပ်နေတယ်လို့ ခံယူထားရပါတယ်။ အဲ့ကြောင့် ဘိန်းအစားထိုး လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ယခုလို လယ်ယာမြေ ခွဲဝေပေးဖို့ စီစဉ်လာရတာဖြစ်တယ်။ ပြီးရင် ဒီဒေသမှာက စိုက်ပျိုးမြေတွေလည်းရှိနေတာဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးအနေနဲ့ လုပ်ဆောင်ပေးဖို့ ဟုတ်တယ်။ ဒီလို လုပ်ပေးလိုက်လို့ တစ်ဖက်မှာ ဘိန်းစိုက်ပျိုးတာတွေလျှော့နည်းသွားမယ်လို့ယုံကြည်တယ်” ဟု ပြောဆိုသည်။

တနိုင်း နှင့် ရှင်ဗွေယန်မြို့ ကြားတွင် ဘိန်းစိုက်ခင်းလုပ်ကိုင်သော ဒေသခံပြည်သူများကို လက်ရှိ ဘိန်းစိုက်ပျိုးမြေနေရာပေါ်တွင် မုန့်ညှင်းစိုက်ခင်းနှင့် အခြားသော ရာသီပေါ်သီးနှံများကို များကိုသာ စိုက်ပျိုးကြရန်နှင့် လိုအပ်သော စက်ယန္တရားများကို KIO မှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုထားသည်ဟု သူက ဆက်ဆိုထားသည်။

“လက်ရှိဘိန်းစိုက်ပျိုးနေတဲ့ မြေနေရာမှာ မုန့်ညှင်းစိုက်ခင်းတွေပြန်လုပ်ဖို့ ပြောဆိုထားတာတွေရှိတယ်။ အခုဆိုရင် လမုန်ကျေးရွာမှာ ဆီကြိတ်စက်တစ်လုံးထားရှိလုပ်နေပြီ။ နောက်ဆိုရင် ကျေးရွာအလိုက် ဒေသခံတွေ တောင်းဆိုတဲ့ အပေါ်မှာ ထားဖို့ရှိတယ်။ KIO အနေနဲ့ကတော့ ဒါတွေကို စတင်လုပ်ဆောင်နေပြီလို့ပဲ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

လက်ရှိ တရုန်နှင့် တခက်ကျေးရွာ ၂ခုတွက် လယ်ယာမြေစိုက်ပျိုးရန် ခွဲပေးရန်အတွက် လျာထားသော မြေနေရာသည် တရုန်ကျေးရွာ၏ အရှေဘက်ခြမ်း ဆိုင်ကယ်ဖြင့် မိနစ်၃၀ ခန့်မောင်းနင်းရသော ခဒတ်နာ (Hka Dat Na) ခေါ် နေရာတွင် ဖြစ်ကြောင်း သိရသည်။

KIO ၏ လယ်ယာမြေယာခွဲပေးသည့် လုပ်ငန်းစဉ်သည် ၂၀၂၁ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်တွင် တနိုင်းမြို့နယ် လမောင်ကျေးရွာတွင် ဒေသခံများအတွက် လယ်ယာမြေ ဧက ၁၀၀ ဝန်းကျင်ကို ပထမအကြိမ် ဖောက်လုပ်ပေး နိုင်ခဲ့ကြောင်းလည်း ဆက်လက်သိရသည်။

တရုန်နှင့် တခက်ကျေးရွာများသည် အိမ်ခြေ ၁၀၀၀ ကျော်ခန့်နေထိုင်သည့် ကျေးရွာများဖြစ်ပြီး လက်ရှိတွင် လယ်ယာမြေ လုပ်ကိုင်သော အိမ်ခြေ ၁၀၀ ကျော်ခန့်သာရှိနေပြီး များသောအားဖြင့် ဘိန်းစိုက်ခင်းကိုသာ အားထားလုပ်ကိုင်နေသောကြောင့် KIO အနေဖြင့် ယခုလို လယ်ယာမြေဖောက်လုပ်ခြင်း လုပ်ငန်းများ လုပ်ဆောင်းပေးရန်ဖြစ်သည်ဟု တာဝန်ရှိသူများ ပြောဆိုထား သည်။

ဟူးကောင့်ချိုင့်ဝှမ်းဒေသရှိ ဘိန်းစိုက်ခင်းများကို KIO မှ ဖျက်ဆီးခဲ့ရာ ၂၀၂၂ ယခုနှစ်တွင် ယခင်နှစ်တွေထက် ဧကပေါင်း ၄၀၀ ကျော်ခန့် ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း KIO တာဝန်ရှိသူများထံမှ သိရသည်။

ယခုနှစ်အတွက် KIO မှ ဖျက်ဆီးခဲ့သော အဆိုပါ ဘိန်းစိုက်ခင်း ဧကပေါင်း ၄၀၀ မှာ တနိုင်းမြို့နယ် တရုန်၊ တခက်၊ ဒိုင်ဖာ၊ ခလုန်းနှင့်မကော စသောနေရာများမှ အများဆုံးဖြစ်သည်။

ဟူးကောင့် ချိုင့်ဝှမ်းဒေသတွင် နှစ်စဉ်ပုံမှန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဦးဆောင်ပြီး ဘိန်းစိုက်ခင်းများ လိုက်လံဖျက်ဆီးမှု များ ပြုလုပ်ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဘိန်းစိုက်ခင်း ဖျက်ဆီးသော လုပ်ငန်းများ ယာယီရပ်နားခဲ့ရာမှ ယခုနှစ် ပြန်လည်အကောင်အထည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ဒေသအသီးသီးတွင် KIO ဗဟိုဌာနချုပ်၏ အစီစဉ်ဖြင့် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်နေသလို လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအစီစဉ် Pat Jasan သည်လည်း ၂၀၁၄ ခုနှစ်မှစတင်ကာ မူးယစ်ရောင်းဝယ် သုံးစွဲသူများကို ဖမ်းဆီးခြင်းနှင့် ဘိန်းခင်း ဖျက်ဆီးခြင်းများကို ပြုလုပ်နေခြင်း ဖြစ်သည်။

ယခုနှစ်မြေနေရာခွဲမှုတွင် တရုန်နှင့်တခက်ကျေးရွာ ၂ခုအတွက် မြေဧက ၂၀၀ ခွဲဝေပေးသွားမည်ဖြစ်ပြီး လာမယ့် ၂၀၂၃ခုနှစ်တွင်လည်း မရရှိသေးသော ဒေသခံပြည်သူများအတွက် မြေဧက ၂၀၀ ထပ်မံခွဲပေးသွားမည်ဖြစ်ကြောင်းထပ်မံသိရပါသည်။

Show More

Related Articles

Back to top button