သတင်း

မြစ်ကြီးနားတွင် တစ်နှစ်ထက် တစ်နှစ် နာနတ်သီးစိုက်ပျိုးမှု လျော့နည်းလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နာနတ်သီးစိုက်ပျိုးသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုလျော့နည်းလာသည်ဟု မြစ်ကြီးနားမြို့ရှိ နာနတ်သီး စိုက်ပျိုးသည့်တောင်သူများထံမှ သိရသည်။

နာနတ်သီးစိုက်ပျိုးမှု နည်းပါးလာခြင်းသည် မြေနေရာရှားပါးလာခြင်း၊ နာနတ်သီးစျေးကွက်နည်းလာခြင်း၊ နာနတ်သီးဈေး ယခင်ကဲ့သို့ မရရှိခြင်းတို့ကြောင့်ဖြစ်‌ကြောင်း နာနတ်စိုက် တောင်သူတစ်ဦးက ယခုလိုပြောသည်။

“နီးနီး နားနားက စိုက်ပျိုးမြေနေရာတွေက အကွက်ရိုက်ရောင်းတာနဲ့ကုန်တာပေါ့ရွာနဲ့အလှမ်းဝေးတဲ့နေရာမှာစိုက်ရင် အသီးခူးတဲ့အခါ သုံးဘီးငှားခ၊ မြေသြဇာစရိတ်တွက်လိုက်ရင် အမြတ်မကျန်ဘူး။ တစ်ချို့ဆိုမြေကွက်ရောင်းပြီး မွေးမြူရေးပြောင်းလုပ်တာတို့ရှိလာတယ်” လို့ တောင်သူတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့မှ ထွက်ရှိသည့် နာနတ်သီးအများစုကို ကိုဗစ်မတိုင်ခင် ကာလများတွင် တရုတ်ပြည်သို့အဓိက တင်ပို့ခဲ့ပြီး ၂၀၁၉ ခုနစ်ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တရုတ်ပြည်သို့ တင်ပို့ခွင့်မရ‌တော့ကြောင်း ၎င်းက ဆက်ပြောသည်။

နာနတ်သီးများအား ပြည်ပသို့တင်ပို့ခွင့်မရသော်လည်း ပြင်တွင်းစားသုံးသူများရှိသောကြောင့် အဆင်ပြေခဲ့ကြောင်း သိရသည်။

သို့သော် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း ရောင်းဝယ်တင်ပို့ရန်ပင် အခက်အခဲများရှိခဲ့သည့်အပြင် ကုန်ဈေးနူန်းမြင့်တက်လာသည်နှင့်အမျှ နာနတ်သီးစိုက်ခင်းတွင် အသုံးပြုသည့် ဓါ‌တ်မြေဩဇာသည်လည်း ယခင် တစ်အိတ်လျှင် သုံးသောင်းဝန်းကျင်မှ ယခုနှစ်အတွင်း တစ်အိတ်လျှင် တစ်‌သိန်းကျော်အထိ မြင့်တက်လာသည့်အတွက် အမြတ်အစွန်းမကျန်တဲ့အခြေနေ ကြုံတွေ့လာကြောင်း သိရသည်။

“မြေသြဇာစျေးတက်တာက တော်တော်လေးကိုဆိုးတာ။ မြေသြဇာက တော်တော်လေးထည့်ရတာ တစ်ဧက နှစ်ဧကဆိုတာနဲ့ သိန်းကြီးပိုင်းထည့်ရတာ တစ်ချို့တွေဆို မြေသြဇာစျေးကြီးလို့ မထည့်ကြတော့ဘူး မြေသြဇာမထည့်ရင်တော့ အသီးကမလှဘူး ချဉ်လည်းချဉ်တယ်” ဟု နာနတ်သီးစိုက် တောင်သူ တစ်ဦးက ပြောသည်။

ထို့အပြင် နာနတ်သီးဈေးနူန်းသည် ကိုဗစ်မတိုင်ခင် ကာလများတွင် နာနတ်သီးတစ်လုံးလျှင် ၈၀၀ ကျပ် မှ ၁၂၀၀ ကျပ်အထိ ရရှိခဲ့သော်လည်း ပြီးခဲ့သည့်၂၀၂၁ ခုနစ်တွင် ၂၀၀ ကျပ် မှ ၄၀၀ ကျပ် အထိရရှိကာ အရင်းရရှိရန်ပင် ခက်ခဲလာကြသည့်အတွက် နာနတ်သီးစိုက်တောင်သူ နည်းလာရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြစ်ကြီးနားမြို့တွင် နာနတ်သီးများကို ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများတွင် ရောင်းချကြသည်။

Show More

Related Articles

Back to top button