သတင်း

အလော့ဘွမ်အနီးတွင် စစ်ကောင်စီတပ်မှ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေဟု ဒေသခံများပြော

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် နယ်မြေ အလော့ဘွမ်အနီးရှိ ရှန်ထုန်းဘွမ့်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် စခန်းတွင်း စစ်ရေးအတွက် အရေးပါသော ဆောက်လုပ်ရေးလုပ်ငန်းများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောသည်။

ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ ရှန်ထုန်းဘွမ့် (Shang Htung Bum) စစ်ကောင်စီ တပ်စခန်းသို့ ဘက်ဖိုး တစ်စီး၊ ဘိလပ်မြေတင် ကားကြီး ၂ စီး၊ ဆီကားတစ်စီးဖြင့် ထွက်ခွာသွားပြီးနောက် မေလ ၃ ရက်နေ့တွင် ဘက်ဟိုးနှင့် ဆီတင်ကား ၁ စီးသည် နွမ်းလန့် နှင့် ကုန်းလော ကျေးရွာဘက်သို့ ပြန်ရောက်လာသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒီကားတွေ ရှန်ထုန်းဘွမ့်ဘက်ကို တက်သွားတာ ၁ လ လောက်ကြာပြီ။ ဘိလပ်မြေတင်တဲ့ ကား ၂ စီးကတော့ ၂ ရက်လောက်ဆို ပြန်ဆင်းလာတယ်။ ဒါပေမယ့် ဘက်ဖိုးတစ်စီးနဲ့ ဆီကားတစ်စီးကတော့ မနေ့ကဘဲ ဆင်းလာတယ်။ ကြည့်ရတာ သူတို့ စခန်းထဲမှာ စစ်ရေးအတွက် ပန်ကာတို့၊ နောက် ခိုင်ခံ့တဲ့ အဆောက်အဦးတွေ လုပ်တယ်လို့ဘဲမြင်တယ်။” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ ဆောက်လုပ်ရေးသုံး ကားများ သွားလာမှုအတွက် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် လိုက်ပါ လုံခြုံရေးပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလို စစ်ကောင်စီတပ်မှ စစ်ရေးအတွက် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများရှိခဲ့သော်လည်း လက်နက်သံများ နှင့် ပစ်ခတ်မှုများ မကြားရကြောင်း အဆိုပါ ဒေသခံ အမျိုးသားက ယခုလို ဆက်ဆိုထားသည်။

“တိုက်ပွဲသံတွေက လုံးဝမကြားရဘူး။ အရင်တုန်းကဆို စစ်သားတွေ သွားလာတာနဲ့တင် KIA ကြားဖြတ်ဝင်တိုက်တာ တွေရှိတယ်။ ပြီးရင် စစ်သားတွေရဲ့ စစ်ရေးလှုပ်ရှားနေတာတွေရှိတယ်။ ဒါပေမယ့် အခုက ဒီဘက်ခြမ်းမှာက ပစ်ခတ်တာတွေ မရှိတော့ဘူး။ တော်တော်ငြိမ်နေတဲ့သဘောမှာရှိတယ်” ဟု ပြောဆိုသည်။

မြစ်ကြီနား- ဗန်းမော် ကားလမ်းမကြီးပေါ်ရှိ နွမ်းလန့်ကျေးရွာအရှေ့ဘက် ဒေါ့ဖုန်းယန်မြို့၏ တောင်ဘက်တွင်ရှိသော အဆိုပါ ဒေသတစ်ကြောတွင် စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားတိုးချဲ့ခြင်း နှင့် စစ်ရေးလှုပ်ရှားမှုများ ပုံမှန်ရှိနေသော်လည်း တိုက်ပွဲသံ ငြိမ်သက်နေသည်မှာ ၆ လခန့် ကြာရှိပြီဟု သိရသည်။

ယခုလို စစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများရှိသော်လည်း ဌာနချုပ်အနီးတစ်ဝိုက် တိုက်ပွဲသံ ငြိမ်သက်နေမှုနှင့် ပတ်သက်ပြီး KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“KIO က ထုတ်ပြန်ထားတဲ့အတိုင်းဖြစ်တယ်။ တိုက်ပွဲကိုက အတတ်နိုင်ဆုံး ရှောင်ကျဉ်ဖို့ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေကလည်း အရမ်းကြပ်တည်းနေတဲ့အချိန်အခါလည်း ဖြစ်တယ်။ တိုက်ပွဲက တစ်ခါဖြစ်ပြီဆိုရင် ပြန်ငြိမ်ဖို့ ခက်သွားမယ်။ တကယ်တမ်း တိုက်သင့်တဲ့နေရာတွေမှာက တိုက်ဖို့ခွင့်ပြုပေးထားတယ်။ ဒါပေမယ့် ပြည်သူတွေ ထိခိုက်မယ့် နေရာတွေမှာက တိုက်ပွဲဖြစ်ရင်လည်း အရာရောက်မှာမဟုတ်ဘူး။ မဖြစ်မနေတိုက်သင့်တဲ့နေရာတွေမှာက တိုက်သွားမယ်” ဟု ပြောဆိုသည်။

ရှန်ထုန်ဘွမ့်သည် စစ်ရေးအရ အရေးပါသော နေရာတစ်ခုဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်၏ ခလရ ၁၄၂ ၊ ခမရ ၄၃၈၊ ခမရ ၃၂၀၊ ခမရ ၃၈၇ အပြင် အခြားစစ်ကြောင်းများဖြင့် စခန်းချနေသည်ဟု သိရသည်။

အဆိုပါ ရှန်ထုန်းဘွမ့်သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် မတ်လတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သော အလော့ဘွမ့် (A Law Bum) စခန်း အနီးတွင် တည်ရှိသည်။

လက်ရှိ ကချင်ပြည် နယ်နမိတ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲသံများ ငြိမ်သက်နေသော်လည်း ကချင် စစ်ကိုင်းနယ်စပ်ဘက်တွင် KIA ဦးဆောင်သော PDF များဖြင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို ငြိမ်းချမ်းရေးအတွက် သူကိုယ်တိုင် တွေ့ဆုံသွားမည်ဖြစ်ပြီး တွေ့ဆုံမည့်အဖွဲ့များအနေဖြင့် မေလ ၉ ရက်နေ့ နောက်ဆုံး စာရင်းပေးရန် ပြောဆိုထားသည်။

Show More

Related Articles

Back to top button