တိုက်ပွဲသတင်း

ဆော့လော်တိုက်ပွဲမှာ စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု ရှိသဖြင့် ဒေသခံများ၏ ဖုန်း နဲ့ စကားပြောစက် သိမ်းဆည်း

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇၊ ဆော့လော်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ပြီးနောက် ဒေသခံတွေရဲ့ ဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းများကို စစ်တပ်က သိမ်းဆည်းနေတယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်နေ့ ဆော့လော်မြို့နယ် မျောဂျောင်ကျေးရွာအနီး KIA ၊ PDF ပူးပေါင်းတပ် နဲ့ စစ်ကောင်စီ၊ ပြည်သူစစ် ပူးပေါင်းတပ်တို့ကြား တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ထိခိုက်သူများပြားခဲ့ပြီးနောက် မေလ ၃ ရက်နေ့ ဒေသခံတွေရဲ့ ဖုန်းတွေကို လိုက်လံ သိမ်းဆည်းနေကြောင်း ဆော့လော် ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောပါတယ်။

“ဆော့လော် ဒေသခံတွေကို ဖုန်းအကုန်သိမ်းလိုက်တယ်။ သူတို့ သတင်းစီးဆင်းမှုကို ထိန်းချုပ် ချင်လို့ ထင်တယ်။ ဒီဘက်သုံးတဲ့ ဖုန်းတွေက အင်တာနက်သုံးလို့ မရတဲ့ ဖုန်းတွေ ဟုတ်တယ်။ ဒေသခံတွေက talkie walkie အသေးစားတွေလည်း သုံးတယ်။ အဲဒီစက်တွေအကုန်လုံးကို သိမ်းလိုက်တယ်။”

ဖုန်းအသိမ်းခံရတဲ့ ကျေးရွာတွေဟာ မျောဂျောင်၊ မန်ပျော့၊ အောက်ဆော့လော်အပြင် အနီးတစ်ဝိုက်က ကျေးရွာအများအပြား ပါဝင်ပါတယ်။ စစ်ကောင်စီတပ်ဟာ အုပ်ချုပ်ရေးမှူးတွေကတဆင့် သိမ်းဆည်းခိုင်းနေခြင်း ဖြစ်ပြီး CDMA ဖုန်းအမျိုးအစား နဲ့ စကားပြောစက် ဝေါ်ကီတော်ကီ အသေးစားတွေအကုန် ပါဝင်တယ်လို့ ဆိုပါတယ်။

ဆော့လော်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ အောက် တပ်ရင်း ၄၆ နယ်မြေမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ပြည်သူ့စစ်တပ်တွေကို KIA နဲ့ PDF ပူးပေါင်းတပ်ဘက်က တိုက်ခိုက်တဲ့အတွက် ပြည်သူ့စစ်ဘက်က သေဆုံးသူနဲ့ ဖမ်းဆီးခံရသူရှိခဲ့ပြီး လက်နက်အများအပြားလည်း KIA ဘက်က သိမ်းဆည်း ရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ဆော့လော်မြို့နယ်မှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ် နဲ့ နယ်ခြားစောင့်တပ် တို့ စုစုပေါင်း အင်အား ၂၅၀ ခန့်သာရှိပေမယ့် တိုက်ပွဲ အပြီး ဝိုင်းမော်ဘက်က စစ်ကောင်စီအင်အား နောက်ထပ် ၂၀၀ ခန့် ထပ်မံ တိုးချဲ့လာတဲ့အတွက် လက်ရှိ ဆော့လော်မြို့အနီး စစ်ရေး ပိုမိုတင်းမာနေကြောင်း ဒေသခံတွေက ပြောပါတယ်။

KIA တပ်ရင်း ၄၆ နယ်မြေ ဖြစ်တဲ့ ချီဖွေ-ဆော့လော်မြို့နယ်မှာ ၂၀၂၀ နောက်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာလာခဲ့ပြီး အခုနှစ် ဧပြီလက ပထမအကြိမ် တိုက်ပွဲဖြစ်ပွားပြီး၊ ဧပြီလ ၂၇ ရက်နေ့မှာ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မေလ ၅ ရက်နေ့ကလည်း ချီဖွေ မှ ဆော့လော်သွားတဲ့လမ်းမှာ နှစ်ဖက်တပ်ကြား ထိတွေ့မှုတစ်ချို့ရှိခဲ့ကြောင်း ပြောဆိုပေမယ့် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ချီဖွေအနီးမှာရှိတဲ့ KIA တပ်စခန်း ၂ ခုကို ဖယ်ရှားပေးဖို့ စစ်ကောင်စီတပ်တွေဟာ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ တဆင့် KIA ကို သတိပေးခဲ့တာရှိပါတယ်။

Show More

Related Articles

Back to top button