သတင်း

မြစ်ကြီးနား-ပူတာအို လမ်းကြောင်းမှာ စစ်ကောင်စီတပ် ဂိတ်တိုးချဲ့ပြီး ငွေကြေးကောက်ခံ

မြစ်ကြီးနား – ပူတာအို လမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ် ပူးပေါင်းပြီး ငွေကြေးကောက်ခံတဲ့ ဂိတ်အများအပြား ထပ်တိုးလာတဲ့အတွက်ကြောင့် နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေ ခက်ခဲမှုနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အခုနှစ်ဆန်းပိုင်းက မြစ်ကြီးနား-ပူတာအို ကားလမ်းမကြီး တစ်လျှောက် စစ်တပ်ဂိတ် ၃ ခုသာ ရှိခဲ့ပေမယ့် အခု နောက်ထပ် ၆ခု ကို ထပ်တိုးထားတဲ့အပြင် ဂိတ်တိုင်းမှာလည်း အတင်းအကြပ် ငွေကြေး ကောက်ခံနေတယ်လို့ ဆိုပါတယ်။

“အခုက စစ်သားတွေ နေရာတကာရှိတယ်။ ရှိတဲ့နေရာတိုင်းမှာ ခဏခဏရပ်ပေးရတယ်။ အတက်နောက်ကျတော့ မိုးချုပ်သွားတာရှိတယ်။ ပြီးရင် ပူတာအိုမြို့အဝင်ဂိတ်မှာ ဝင်ခွင့်တောင်းရတာအရမ်းခက်ခဲတယ်။ နောက်တစ်ခုက သူတို့ရှိတဲ့ ဂိတ်တိုင်းမှာ ပိုက်ဆံတောင်းတယ်။ ကိုယ်ပေးချင်သလောက်လဲ ပေးလို့မရဘူး။ သူတို့တောင်းသလောက် ပေးလိုက်ရမှ အဆင်ပြေသွားတာတွေရှိတယ်။ တစ်ချို့ဂိတ်မှာဆို ရိုင်းစိုင်းပြောဆိုဆက်ဆံ တာတွေလည်းကြုံရတယ်” ဟု မြစ်ကြီးနား- ပူတာအို ကားသမားတစ်ဦးက KNG သတင်းဌာန ကို ပြောပါတယ်။

လက်ရှိ မြစ်ကြီးနား-ပူတာအို ကားလမ်းမကြီးပေါ် ဂိတ်ချပြီး ငွေကြေးကောက်ခံနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ်တွေကတော့ မြစ်ကြီးမြို့အထွက် တန်ဖရဲ၊ တယန်ဇွပ်အနီးရှိ ဒလူခ၊ ဆွမ့်ပရာဘွမ်၊ ဝဒတ်၊ တန်ဂျာ၊ လုန်ရှာယန်၊ ဖတ်မာနှင့် မူလာရှီးဒီ စသော ကျေးရွာအသီးသီးက ဂိတ်တွေ ဖြစ်ကြပါတယ်။

အဆိုပါဂိတ်တွေအနက် တန်ဖရဲ၊ ဆွမ်ပရာဘွမ့် နှင့် ပူတာအိုမြို့အဝင် မူလာရှီးဒီ ဂိတ် ၃ ခု သည် ယခင်ကတည်းက ရှိနေသော ဂိတ်များဖြစ်ကြပြီး ကျန်ဂိတ်တွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေက ထပ်တိုးလာတဲ့ ဂိတ်တွေဖြစ်တယ်လို့ ကားသမားတွေက ပြောပါတယ်။

အခုလို လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်တပ်ဖွဲ့တွေအနေနဲ့ မလိုအပ်ဘဲ စစ်ဆေးတားမြစ်ခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်း ပြုလုပ်နေတာကြောင့်လည်း ပူတာအိုဒေသမှာ ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာရတာဖြစ်တယ်လို့ ကားသမားတွေက ပြောပါတယ်။

အဆိုပါ စစ်တပ်ဂိတ်တစ်ခုစီတိုင်းမှာ စစ်ကောင်စီတပ်တွေက ကားတစ်စီး ၃၀၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ကောက်ခံမှုများရှိနေပြီး ကားသမားတစ်ဦးမှာ စစ်တပ်ဂိတ် ၉ နေရာအတွက်အသွားအပြန် မြန်မာငွေ ၂၀၀၀၀ နှင့် ၃၀၀၀၀ ကြား ပေးဆောင်နေရကြောင်း သိရပါတယ်။

ထို့သို့ စစ်တပ်ဂိတ်များတွင် အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများနှင့် စစ်ဆေးမေးမြန်းမှုများ တင်းကြပ်ထားသောကြောင့် မြစ်ကြီးနား-ပူတာအို ကားသမား အများစုမှာ သွားလာမှု ရပ်နားလိုက်ပြီး လက်ရှိတွင် မော်တော်ယာဉ်အသင်းမှ ခွင့်ပြုထားသော ကားသမား ၁၀ ဦး ကျော်ခန့်သာ မောင်းနင်းနေကြောင်း သိရပါတယ်။

“သူတို့ရှိတဲ့ နေရာတိုင်းမှာ ခဏခဏ တားမြစ်တာကို လုံးဝ မရှိစေချင်ဘူး။ အဲ့မှာယခင်ကနေ စစ်တပ်ဂိတ်တွေရှိတယ်။ ပြောချင်တာက စစ်တော့ စစ်ပါ။ ခဏခဏ မနီးမဝေးနေရာတွေမှာ စစ်စရာမလိုပါဘူး။ ကျနော်တို့က ငွေလည်း ပေးရတယ်။ တစ်လမ်းလုံး ခဏခဏလည်း စစ်ခံရတယ်။ နောက် ဘာဖြစ်လာလဲဆိုတော့ စစ်သားတွေက တစ်လမ်းလုံး ပိုက်ဆံတောင်းနေတော့ ကုန်တင်ခတွေလည်း ကုန်စျေးနှုန်းတက်လာတယ်။ ခရီးသည်တင် စျေးနှုန်းလည်းတက်တယ်။ ဆီစျေးလည်းတက်တယ်။ အဲ့ကြောင့် မလိုအပ်ဘဲနဲ့ ဂိတ်တွေမှာမစစ်ဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောဆိုသည်။

ပူတာအိုမြို့အဝင် မူလာရှီးဒီ ဂိတ်မှာတော့ ည ၇ နာရီနောက်ပိုင်း ဖြတ်ကျော်လာတဲ့ ကားသမားတွေကို ငွေကျပ် တစ်သောင်း ကောက်ခံပြီးမှ ဖြတ်သန်းခွင့်ပြုတယ်လို့ သိရပါတယ်။

အခုနေရာတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIO နှင့် PDF အဖွဲ့က လှုပ်ရှားသွားလာနေတယ်လို့ ဆိုပါတယ်။

KIA အနေနဲ့ ပြီးခဲ့တဲ့ မတ်လက ဆွမ့်ပရာဘွမ့်မြို့နယ် ခဂရန်းယန်မှာ ဂိတ်ချပြီး ကားတစ်စီး ၃သိန်း ၆ သောင်းကျပ်အဖြစ် တစ်နှစ်စာ ဖြတ်ပိုင်းပေး ငွေကြေးကောက်ခံခဲ့တဲ့နောက် ၁ လအကြာမှာ ဂိတ်ပြန်လည် ရုတ်သိမ်းသွားတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button