သတင်း

မြင်းမူတွင် လက်နက်အင်အားမရှိသည့် PDF စခန်းတစ်ခုဝင်စီးခံရပြီး ၈ ဦး ဖမ်းဆီး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့ နယ်တွင် လက်နက်အင်အားမရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်စီးခဲ့သောကြောင့် PDF တပ်ဖွဲ့ ၈ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

​စစ်တပ်သတင်းပေး ဒလံများကြောင့် Black Eagle Defense Force အမည်ရှိ အဆိုပါစခန်းကို မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့စဉ် ပြန်လည်ခုခံရန် လက်နက်အင်အား မရှိသည့်အတွက် PDF တပ်ဖွဲ့ ၈ ဦး အသက်ပေးဆပ်လိုက်ရကြောင်း အခြား မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက KNG သို့ ပြောသည်။

”ဝင်စီးခံလိုက်ရတာကတော့ မော်ဟန်-မန္တလေးလမ်းမကြီးပေါ်မှာ စကစတွေကို ဒုက္ခအပေးနိုင်ဆုံးအဖွဲ့ရဲ့ စခန်းဝင်စီးခံလိုက်ရတာဖြစ်ပါတယ်။ မနက်ပိုင်းမှာဝိုင်းပြီး ဝင်စီးခံလိုက်ရတာ ကျနော်တို့ဘက်မှာရဲဘော်တွေက ပြန်လည်ခုခံဖို့ လက်နက် ဆိုလို့တော ခုတ်ဓားလောက်ပဲရှိတဲ့အ​ခြေအနေကြောင့်ဖမ်းခံလိုက်ရတယ်” ဟု ၎င်းကပြောသည်။

ပြန်လည်ခုခံခွင့်မရှိပဲ ဖမ်းခံလိုက်ရသည့် PDF တပ်ဖွဲ့ဝင်ရှစ်ဦးကို စစ်ကောင်စီတပ်က ယင်းနေရာတွင် လက်နောက်ပြန်ကြိုးသုတ်ကာ ဦးခေါင်းတည့်ပစ်ကာအလောင်းများကို မီးရှို့သွားကြောင်း သူက ဆက်ပြောသည်။

အဆိုပါကျဆုံးသွားသည့် ၈ ဦးတွင် စစ်ကိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံဖြိုးလည်း ပါဝင်ကြောင်း သိရသည်။

မြင်းမူမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း PDF စခန်းတစ်ခု ဝင်စီးခံခဲ့ရပြီး ယင်းဖြစ်စဥ်တွင် ဆေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၁၀ ဦးအထိ ဖမ်းဆီးခံခဲ့ ရသည်။

Show More

Related Articles

Back to top button