သတင်း

မူဆယ်မှာ အုတ်တံတိုင်းပြိုကျမူကြောင့် ကြံခုတ် လုပ်သား ၄ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဆိုင်းခေါင် ဘက်တွင် ယခုရက်ပိုင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းနံဘေး ကာထားသည့် အုတ်တံတိုင်းပြိုကျပြီး ကြံခုတ်လုပ်သား ၄ ဦး အုတ်တံတိုင်းပိကာ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်ချိန်တွင် ရေချောင်းအစပ်တဲထိုးကာ‌ နေထိုင်ကြသည့် ကြံခုတ်လုပ်သားများ၏ တဲပေါ်သို့ အုတ်နံရံပြိုသည့်အတွက် အုတ်တံတားပိကာ သေဆုံးခြင်းဖြစ်ကြောင်း ရွာခံတစ်ဦး ယခုလိုပြောဆိုသည်။

“တဲမှာက အမျိုးသား ( ၅) ယောက် ကျန်ခဲ့တယ်။ ကြံခုတ်ဖို့ဆိုပြီး သွားတဲ့လူတွေရွာတောင် မကျော်သေးဘူး အုတ်နံရံက ပြိုကျတော့တာဘဲ​။ ၅ ယောက်ထဲမှာ တယောက်က မပြိုခင်က အချက်ပေးတဲ့တဲ့ မြေစတွေ တဖျောင်းဖျောင်းနဲ့ ၃ ခါလောက်တဲကိုလာကျတော့ သူကဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်တာကံကောင်းသွားတယ်။ သူလဲထွက်ရော ဝုန်းခနဲဆိုပီးပြိုလဲကျတော့တာဘဲ တဲထဲက ၄ ယောက် ပိမိပီး သေဆုံးကြကုန်ရောဗျာ” ဟု ရွာခံ တစ် ဦးက ပြောသည်။

သေဆုံးသူ ၄ ဦးသည် ချောက်၊ ရေနံချောင်းဘက်ဖြစ်ပြီး ဆိုင်းခေါင်အုပ်စု၊ ဖတ်မာန်ရွာဘက်ခြမ်း ရေချောင်းစပ်နား တဲထိုးနေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

“ပိမိတဲ့လူတွေကသေနေပြီ ၂ ယောက်က အပေါ်ယံလေးဆိုတော့မြင်ရတယ်။ ကျန်တဲ့၂ ယောက်က အများက တံတရွင်း၊ တူ၊ ဂေါ်ပြား၊ ပေါက်ပြား၊ ပေါက်ချွင်း တွေနဲ့ ဝိုင်းတူရင်းဝိုင်းရှာပေးကြရတယ်။ လူကြီးတွေက သကြားစက်ရုံက မြေတူးစက်ကားကိုခေါ်တယ် လာတယ် ကားက မဝင်ရဲဘူး။ မြေပျော့လို့ဆိုပြီး ပြန်လှည့်သွားတယ်။” ဟု ကူညီပေးသူ ၁ ဦးက ရှင်းပြသည်။

သေဆုံးသွားသူများကို မေလ ၁၄ ရက်နေ့ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့ ညနေ  ၆ နာရီ ၃၀ မိနစ် အချိန်မှ နောက် ၂၄ နာရီအတွင်း မူဆယ်မြို့၊ မုံးကိုးမြို့၊ မန့်ဟီရိုးမြို့ (မန်ဟျှိုး)၊ ပန်ဆိုင်းမြို့(ကြူကုတ်)၊ နမ့်ခမ်းမြို့၊ ကွတ်ခိုင်မြို့၊ တာမိုးညဲမြို့ စတဲ့ ဒေသတွေမှာ မိုးကြီးကာ ရေလျှံနိုင်ကြောင်း မိုးလေဝသဌာနမှလည်း သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button