သတင်း

စစ်ကောင်စီတပ် အင်အား ရာချီ ရောက်ရှိနေသော တီယန်ဇွပ်တွင် ရေလမ်းကြောင်းပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့

မြစ်ကြီးနားမြို့နယ် မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်အင်အား အလုံးအရင်းရောက်ရှိနေစဉ် ရေကြောင်းလမ်းကို သွားလာခွင့်ပိတ်ဆို့ထားသောကြောင့် အထက်ဘက် မလိခ မြစ်ကြောင်း တစ်လျှောက်ပြည်သူများ ခက်ခဲမှု ကြုံတွေ့နေသည်ဟု သိရသည်။

မေလ ၁၁ ရက်နေ့မှစပြီး တီယန်ဇွပ်ကျေးရွာ မလိခ အထက်ဘက်သို့ ကုန်တင်ပို့နေသောစက်လှေများကို စစ်ကောင်စီမှ သွားလာခွင့်ပိတ်ပင်ထားသည်မှာ ၃ရက်ခန့် ကြာမြင့်လာပြီဖြစ်သည့်အတွက် ပြဿနာအခက်အခဲ ကြုံတွေ့ရလာရကြောင်း ထိုနေရာတွင် မောင်းနင်းနေသော စစ်လှေတစ်မားတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။

“သူတို့ စစ်ကြောင်းဝင်လာတဲ့ နေ့မှာဘဲ မြစ်ဖျားဘက် တင်ပို့နေတဲ့ စက်လှေတွေကို ပိတ်လိုက်တယ်။ မြစ်ပေါ်မှာ ဘာစက်သံမှ မကြားချင်ဘူးလို့ ပြောဆိုထားတယ်။ အခုဆို ၃ ရက်လောက်ရှိနေပြီ ရေကြောင်းလမ်းပိတ်ထားတာ။ ဒီလိုဘဲအကြာကြီး ပိတ်ထားရင်တော့ အထက်ဘက်မှာရှိကြတဲ့ ပြည်သူတွေ ကုန်ပစ္စည်းတွေ ပြတ်လပ်လာမယ်။ အဲ့ဒီဘက်က ကုန်ပစ္စည်းတွေကို ရေကြောင်းလိုင်းနဲ့ဘဲ တင်ပို့ပေးနေတာဖြစ်တယ်။ ပြီးရင် ကျနော်တို့ စက်လှေသမားတွေလည်း ဘာအလုပ်လည်း မလုပ်ရ ဒီတိုင်း ထိုင်စောင့်နေရတာ အဆင်မပြေဘူး” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၁၁ရက်နေ့မှစပြီး မြစ်ကြီးနားမြို့ မှ စစ်အင်အား ၃၀၀ ဝန်းကျင်ခန့်၊ စစ်ရိက္ခာသယ် ဆောင်လာသည့် စစ်ကား ၅၀ စီးခန့်နှင့် ဆွမ်ပရာဘွမ့်ဘက်သို့ ဦးတည်ကာ ခြေကျင်ဖြင့်တက်လာခဲ့ပြီး လက်ရှိတွင် မြစ်ကြီးနားမြို့နယ် ဝေရှီ၊ အင်ဂျစ်နှင့် တယန်ဇွပ်စသော ကျေးရွာ လမ်းကြီးတစ်လျှောက်ပေါ်တွင် တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

“အခုချိန်အထိ ရွာအနီးတွေမှာလမ်းတစ်လျှောက်နေထိုင်ကြတယ်။ တစ်နေရာမှာ ၅ ယောက် ၁၀ ယောက်အဲ့လို နေကြတယ်။ အခုချိန်အထိတော့ ရွာသားတွေကို အနှောက်အယှက်လုပ်တာမျိုးတော့မတွေ့ရသေးဘူး။ ညတော့ သူတို့ရွာပတ် သွားလာတာမျိုးတော့ရှိတယ်။ စစ်အင်အားတော့များတယ်။ သူတို့ဘယ်ကို ဦးတည်ပြီး သွားမလဲတော့ မသိရဘူး” ဟု တယန်ဇွပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

တီယန်ဇွပ်တွင် ရောက်ရှိနေသော စစ်ကောင်စီယာဉ်တန်းသည် ဆွမ်ပရာဘွမ့်နှင့် ပူတာအိုဘက်သို့ ဦးတည်ကာ စစ်ရိက္ခာများ သယ်ပို့ရန် တက်လာခြင်းဖြစ်ကြောင်းနှင့် စစ်ရိက္ခာများသယ်ပို့နိုင်ရန်အတွက် လုံးခြုံရေးများလည်း တင်းကြပ်ထားသည်ဟု သူက ဆက်ဆိုထားသည်။

ယခုစစ်ကောင်စီယာဉ်တန်းတွင် စစ်ရိက္ခာများနှင့် စစ်ကားယာဉ်တန်းကား ၅၀ခန့်တွင် ဆီကားအများအပြားပါဝင်ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းကတည်းကလည်း တ တယန်ဇွပ်ကျေးရွာမှ စစ်ကား ၃ စီး ဆွမ်ပရာဘွမ့်ဘက်ကို ထွက်ခွာသွားပြီ ဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

မြစ်ဆုံအထက် အဆိုပါနေရာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ နယ်မြေဖြစ်ပြီး ယခုလို စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ဆွမ်ပရာဘွမ့်လမ်းအတိုင်း တက်လာသောကြောင့် တိုက်ပွဲပြင်းထန်ပြီး ပြန်လည်ထွက်ပြေးရမည်ကို ဒေသခံများ စိုးရိမ်နေကြပါသည်။

Show More

Related Articles

Back to top button