သတင်း

ကလေး တောင်ပိုင်းက လည်ခြားကျေးရွာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရပြီး ရွာလုံးကျွတ် နီးပါးပြာကျ

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ လည်ခြားကျေးရွာ ဒုတိယအကြိမ်ဝင်ရောက်မီးရှို့ခံလိုက်ရာ တစ်ရွာလုံးနီးပါး ပြာကျသွားပြီး လည်ခြားကျေးရွာနှင့်တစ်ဆက်တည်းတည်ရှိသည့် ရေရှင်ရွာအထက် တန်းကျောင်းလည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် အင်အားတစ်ရာကျော်သည် မေလ ၁၈ ရက်နေ့ နံနက် ၃နာရီခန့်မှ စတင်ကာ လည်ခြားကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးနီးပါးပြာကျ ခဲ့ပြီး ယင်းလည်ခြားကျေးရွာနဲ့ တစ်ဆက်တည်းတည်ရှိသည့် ရေရှင်ရွာ အထက်တန်းစာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြောင်း ကလေးဒေသခံတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။

“ဒီမနက်ရွာကလူတွေဖုန်းခေါ်လာတာကတော့ တစ်ရွာလုံးနီးပါးပြာကျသွားပြီတဲ့ လည်ခြားရွာကအိမ်ခြေ ၃၀၀ နီးပါးရှိတာ နှစ်ကြိမ်ရှို့ခံလိုက်ရတော့ တစ်ရွာလုံးပြာကျသွားပြီတဲ့ သူတို့ ၁၅ ရက်နေ့မှာလည်ခြားရွာကိုတစ်ကြိမ် မီးရှို့ခဲ့တယ် စစ်ကြောင်းကတော့ဒီနေ့ နေ့လယ်ပိုင်းအထိလည်ခြားရွာပတ်ဝန်းကျင်မှာပဲရှိ ရွာသားတွေလည်း ပြန်မကပ်နိုင်တော့ဘူး”ဟု ၎င်းကပြောသည်။

အလားတူ ယနေ့ ရေရှင်ရွာမှ လူနေအိမ်များလည်းမီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးရှို့ခံရသည့် နေအိမ်စာရင်းအတိအကျ မရသေးသော်လည်း ကျေးရွာအထက်တန်းစာသင်ကျောင်းမီးထဲပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

လည်ခြား ကျေးရွာအပါအဝင် ကလေးတောင်ပိုင်းကျေးရွာများအားလုံးနီးပါသည် တိုက်ပွဲကြောင့် မေလဆန်းပိုင်းတည်းက ရွာလုံးကျွတ်နီးပါးတိန်းရှောင်နေကြရသောကြောင့် ကျေးရွာတွင်းဝင်ရောက် မီးရှို့ရာဝင် လူဖမ်းဆီး သတ်ဖြတ်ခံရမှု မရှိခဲ့ကြောင်း သိရသည်။

ကလေးတောင်ပိုင်းတွင် စစ်ရှောင်ပြည်သူ သောင်းချီရှိနေပြီး အချို့မှာ တောတောင်များထဲတွင်ခက်ခက်ခဲခဲတိန်း ရှောင်နေရပြီး နေရာထိုင်ခင်း အစားအသောက်နှင့် ဆေးဝါးအကူအညီများလည်း အထူးလိုအပ်နေကြောင်းသိရသည်။

မေလ ၁၇ ရက်နေ့ကလည်း ကလေးတောင်ပိုင်းနတ်ချောင်းကျေးရွာတွင် လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီး စစ်ရှောင်တဲတစ်ခုအတွင်းသစ်ကိုင်းကျိုးကျခဲ့ရာ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကို ထိမှန်ခဲ့ရာ ဆေးဝါးမရှိသောကြောင့်အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Show More

Related Articles

Back to top button