သတင်း

ကသာအထက်ပိုင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၆ ဦးထက်မနည်းသေဆုံးပြီး

ကသာမြို့မှ အထက်သို့ စစ်သင်္ဘောလုံခြုံရေးယူရန် ခြေလျှင်စစ်ကြောင်း ထိုးလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်မှ စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့နံနက် ၈ နာရီဝန်းကျင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်မှ ကသာမြို့အထက်ပိုင်း ခတက်ချောင်ရွာနှင့် မင်းလယ်ရွာကြားတွင် မိုင်း ၁၁ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနက် အစောပိုင်းမှာ သူတို့ ခတက်ချောင်ရွာကနေ စထွက်လာတာ။ ကျွန်တော်တို့အဖွဲ့က နေရာအနှံ့ မိုင်းထောင် ထားတယ်။ သူတို့မိုင်းကွင်းထဲ ရောက်လာချိန် မိုင်းဆွဲလိုက်တာ” ဟု ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်မှ H-22 မိုင်တဲ မမ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံးဖြင့် စတင်မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဖက်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ကာ အထက်ဖက်သို့ ဆက်လက်ချီတက်လာသည့်အတွက် မိုင်း ၉ လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

တိုက်ပွဲကြာချိန် ၇ နာရီခန့် ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခန့်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ရပ်နားသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မေလ ၁၄ ရက်နောက်ပိုင်း ကသာနယ်အထက်ပိုင်းသို့ စစ်အင်အား သိသိသာသာ ဖြည့်တင်းလာပြီး လက်ရှိ ကသာ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် စစ်ကြောင်း ၃ ကြောင်းခွဲကာ လှုပ်ရှားနေကြောင်း သိရသည်။

“စုစုပေါင်း အင်အားအရ ဆိုရင် ၂၀၀ ဝန်းကျင်ရှိတယ်။ သူတို့က စစ်ကြောင်းခွဲပြီးတော့ တက်နေတာ ဟုတ်တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့မှ ဆန်တက်လာသည့် စစ်‌ကောင်စီတပ်၏ စစ်အင်အားနှင့် ရိက္ခာတင်သင်္ဘော ၃ စီးသည်လည်း ကသာမြို့ သဖန်းကိုင်းဆိပ်တွင် မေလ ၂၁ ရက်ဆိုက်ကပ်ထားပြီး လက်ရှိအချိန်ထိ ဆက်လက် ဆန်တက် ထွက်ခွာခြင်း မရှိသေးကြောင်း သိရသည်။

သင်္ဘောပေါ်မှ ဆန်နှင့် ရိက္ခာများအား ကသာစစ် ကောင်စီတပ်ရင်း ၃၀၉ သို့ FAW ကားဖြင့် ၁၀ ခေါက်ထက်မနည်း သယ်ယူနေပြီး သင်္ဘောဆိုက်ကပ်ရာ မြစ်ကမ်းတလျှောက်ရှိ လမ်းများအား ညပိုင်း ၆ နာရီမှစတင်ကာ ဖြတ်သန်းခွင့်မရှိ ပိတ်ထားကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ကသာနယ်အထက်ပိုင်း မြစ်ကြောင်းတစ်လျှောက် ကျေးရွာများသို့ ဝင်ရောက်ကာ စစ်ဆေးမှုများလည်း ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button