သတင်း

စစ်ကိုင်းတိုင်းတွင် NUG ပညာရေးကျောင်း ဖွင့်ချင်သော်လည်း အခက်ခဲဖြစ်နေ

စစ်ကိုင်းတိုင်း မြို့နယ်အများစုတွင် NUG အခြေခံပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေသော်လည်း နယ်မြေစိုးမိုးမှု မရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

မြို့နယ် ၃၄ မြို့နယ်အနက် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် မြောင်မြို့နယ် မှ လွဲ၍ ကျန်မြို့နယ်များတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု၊ နေအိမ်မီးရှို့မှုနှင့် အရပ်သားပြည်သူများကို သတ်ဖြတ်မှုတို့ကြောင့် ထွက်ပြေးနေရသဖြင့် စာသင်ကြားနိုင်ရေး အခက်အခဲရှိနေကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“NUG နဲ့ တွဲပြီး အခြေခံပညာကျောင်းတွေဖွင့်မယ်ဆိုရင် အဓိကတော့နယ်မြေ စိုးမိုးနိုင်ဖို့ပါပဲ။ နယ်မြေစိုးမိုးနိုင်မှ လွတ်လွတ် ကျွတ်ကျွတ် သင်ကြားနိုင်မယ် အဲ့လိုနယ်မြေ စိုးမိုးနိုင်ဖို့ကလည်း လက်နက် အပြည့်အစုံလိုအပ်မယ်။ နယ်မြေစိုးမိုးနိုင်ရင်တော့ ကလေးတွေအတွက် အများကြီး ဝမ်းသာရမှာပေါ့ အခုလောလော ဆယ်တော့ မြောင်နယ်လိုမျိုး လုပ်နိုင်ဖို့အခက်အခဲတွေရှိနေသေးတယ်” ဟု ခင်ဦး PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်မှု အရှိန်အဟုန်မြင့် လုပ်ဆောင်နေဆဲဖြစ်သောကြောင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ပိုမိုခက်ခဲနေကြောင်းလည်း စစ်ကိုင်းတိုင်း နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။၊

“က‌လေးတွေရဲ့ ပညာရေးအတွက်ပုံဖော်ဖို့က ကြိုးစားနေဆဲပဲဗျ အခုလော လောဆယ်က ကလေးတွေစာမမေ့အောင် တစ်နိုင်တစ်ပိုင်နေအိမ်မှာ သင်ပေးနေတာလောက်ပဲရှိတယ်။ စာသင်ကျောင်းတွေဖွင့်ပြီး သင်ဖို့အတွက်ကတော့ စစ်ကြောင်းတွေ အရမ်းထိုးနေတဲ့အတွက် ခက်ခဲနေသေးတယ်။ ကြိုးတော့ကြိုးစားနေပါတယ်” ဟု စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း မြို့နယ်အများစုတွင် မြို့နယ်တစ်ခုလျှင် ကျေးရွာအုပ်စုပေါင်း ၃၀ ထက်မနည်းခန့်မှာ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့နယ်တစ်မြို့နယ်လျှင် စစ်ဘေးရှေင်နေရသည့် ကျောင်းသားကျောင်းသူ ပေါင်း အနည်းဆုံး ထောင်ဂဏန်းမှ အများဆုံး သောင်းဂဏန်းအထိ ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ဘက်မှာတော့ လုပ်တော့လုပ်နေပါတယ်။ ဒါပေမယ့်ချပြလို့မရသေးဘူး NUG လမ်းညွန်မှုနဲ့တော့ လုပ်ဆောင် နေပါတယ်။ အခက်အခဲကတော့ရှိပါတယ် ကျွန်တော်တို့ဘက်မှာဆိုရင် အခက်အခဲကမိဘတွေရဲ့ အကြောက်တရားက လည်းရှိသေးတယ်ဗျ မိဘတွေတော်တော်များများ သူတို့ကလေးတွေကျောင်းထားလိုက်ရင် ဟိုဘက်ကများ လာဖမ်းမလားပေါ့ လေယာဉ်နဲ့များဗုံးလာကျဲမလားပေါ့ အဲ့လိုမျိုးအကြောက်တရားတွေရှိနေတော့ လုပ်ငန်း မတွင်ကျယ်တာမျိုးလေးရှိပါတယ်” ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်.။

မြန်မာနိုင်ငံတွင် ၂၀၂၀ မတ်လမှ စကာ ကိုဗစ်ကပ်ဘေးကြောင့် အခြေခံကျောင်းများ၊ တက္ကသိုလ်၊ နည်းပညာကောလိပ် အစရှိသည့် ပညာရေးနှင့်ပတ်သက်သည့်ကျောင်းများ ရပ်နားထားခဲ့ရသည့်အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည့်အတွက် ပညာရေးကျောင်းများ ရပ်နားခဲ့ရသည်။

ထိုကဲ့သို့ ကျောင်းများ ပိတ်ထားချိန် စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ပညာသင်နှစ် စတင်ခဲ့သော်လည်း တက်ရောက်သူ အလွန်နည်းပါးခဲ့သည်။

ထို့အတူ NUG အစိုးရအနေဖြင့် ကြားကာလပညာရေးအစီစဉ်အဖြစ် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလခန့်မှစပြီး အွန်လိုင်း သင်ကြားမူများ ရှိသော်လည်း ဖုန်းအင်တာနက်လိုင်း အခက်ခဲ နှင့် နယ်မြေစိုးမိုးမူ မရှိသည့်အတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။

လတ်တလော ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံကျောင်းများအား မေလ ၂၅ ရက်နေ့မှစတင် စစ်ကောင်စီမှ ကျောင်းသူ/သားများအား ကျောင်းအပ်လက်ခံနေသကဲ့သို့ NUG အစိုးရ၏ ကြားကာလပညာရေးအစီစဉ်သည်လည်း ဇွန်လမှစကာ အွန်လိုင်းမှ တစ်ဆင့်ကျောင်းအပ်လက်ခံတော့မည် ဖြစ်ကြောင်း သိရသည်။

သို့သော် စစ်ရေးအရှိန်မြင့်နေဆဲဖြစ်သည့် စစ်ကိုင်းတိုင်း မှ ကျောင်းသား/ သူအများစုသည် ယခုနှစ်တွင်လည်း ပညာသင်ကြားခွင့်ထပ်မံဆုံးရှုံးရမည်ဖြစ်ကြောင်း ဒေသအသီးသီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးသပ်ပြောဆိုသည်။

Show More

Related Articles

Back to top button