သတင်း

ဒီပဲယင်း စစ်ရှောင်လူဦးရေ နှစ်ထောင် အတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ဦး‌ရေ နှစ်ထောင် ဝန်းကျင်အတွက် စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့ရန် လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူများထံမှ သိရသည်။

မေလဆန်းပိုင်းမှ စကာ စစ်ကောင်စီတပ်သားများသည် ဒီပင်ယင်းမြို့နယ်၊ အရှေ့ဘက်ခြမ်း၊ တောင်ဘက်ခြမ်းများသို့ စစ်ကြောင်းထိုးလာမှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ပိုများလာသည့်အပြင် ရှေ့ဆက် မိုးတွင်းကာလ‌ဖြစ်သောကြောင့် စားနပ်ရိက္ခာအပြင် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်အကူအညီများ လိုအပ်ကြောင်း သိရသည်။

“စားနပ်ရိက္ခာခက်ခဲတာပေါ့။ ဒီရှေ့လျှောက်ပိုခက်ခဲမယ် မိုးတွင်းမှာပါ ရှောင်ရမယ်ဆိုရင် ကျနော်တို့က ကွင်းပြင် ဖြစ်တဲ့အတွက် တောင်ပေါ်ဒေသထက် ပိုခက်ခဲနိုင်တယ်။ သစ်ရိပ်ဝါးရိပ်မရှိဘူး။ အရိပ်နားစရာမရှိဘူး မိုးရွာထဲမှာ ဒီတိုင်းပဲနေပြီးတော့ ဘယ်လိုပြောမလဲ မိသွားနိုင်တယ်ပေါ့ဗျာ။ စစ်ကောင်စီလက်ထဲကို ဒါ့ကြောင့်မို့ စားနပ်ရိက္ခာပြင်ဆင်တာတွေ အဝတ်အထည်တို့ မိုးကာတို့ပြင်ဆင်တာတွေလုပ်နေပါတယ်။ ဒါကြောင့်မို့ အရေးပေါ် အကူညီလိုအပ်နေတယ်” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ရှောင်နေသည့် လူဦးရေ ၂၀၀၀ နီးပါးရှိပြီး သရက်ကန်၊ တည်တော၊ သပြေကုန်းကျေးရွာအပြင် စစ်ကောင်စီရဲ့အကြမ်းဖက်လာမည်ကို စိုးရိမ်‌သောကြောင့် အဆိုပါ ရွာအနီးတစ်ဝှိုက်ရှိ ပြည်သူများပါ ကြိုတင် တိမ်းရှောင်နေကြောင်း သိရသည်။

ဒါ့အပြင် စစ်ကောင်စီတပ်သည် လက်ရှိ တည်တောရွာ၊ သပြေကုန်းတစ်ဝိုက်တွင် တပ်စွဲလျက်ရှိသည့်အပြင် ရွာရှိနေအိမ်များပါ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

စစ်ဘေးရှောင် ထောင်ချီ ဘေးလွတ်ရာတိမ်းရှောင်ရာတွင် ကလေးသူငယ် ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများ ပါဝင်နေသည့်အတွက် ၎င်းတို့အတွက် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေရကြောင်း သူက ဆက်လက်ပြောဆိုသည်။

“ကလေးတွေ ကိုယ်ဝန်ဆောင်တွေ အဘွားအိုတွေပါတယ်။ နေမကောင်းတဲ့သူတွေပါတယ် မနေ့ညကဆို ကျနော်တို့ကုပေးရတယ် ကြောက်လန့်ပြီးထွက်ပြေးရတာဆိုတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ရတာတွေရှိတယ် မနေ့ညကတစ်ညလုံးပေါ့ ၁၂ခွဲ၁နာရီလောက်မှ ပြီးသွားတာပေါ့” ဟု သူကဆိုသည်။

အဆိုပါ စစ်ရှောင်ပြည်သူများအား ကူညီထောက်ပံ့လိုပါက ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ လူမူကွန်ယက်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

စစ်ကိုင်းတိုင်း မြို့နယ်အများစုတွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း ဝင်ရောက်ကာ နေအိမ်မီးရှို့ခြင်းများ နေ့စဉ်ဆိုသလို ရှိနေဆဲဖြစ်သည်။

သို့သော် စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ ဖုန်းအင်တာနက် စတင်ဖြတ်တောက်ခဲ့သည့်အပြင် လက်ရှိချိန်ထိ ဖုန်းအင်တာနက်လိုင်းများ ပြန်လည်ရရှိခြင်း မရှိသေးသည့်အတွက် စစ်ဘေးရှောင်‌နေကြရသည့် လူဦး‌ရေစာရင်း နှင့် နေအိမ်မီးရှို့ခံရသည့် အချက်လက်များ တိတိကျကျ ရရှိရန် ခက်ခဲနေသည်။

Show More

Related Articles

Back to top button