သတင်း

ဖားကန့်တွင် လူငယ်လေးဦး လက်နောက်ပြန်ကြိုးသုတ်ပြီး ပစ်သတ်ခံရ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ မေလ ၃၁ ရက်နေ့ည ဆွတ်အောင် ကျေးရွာအနီးရှိ တံတားငယ်တစ်ခုအောက်တွင် လူငယ်လေးဦး လက်နောက်ပြန်ကြိုးသုတ်ပြီး ပစ်သတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈ နာရီခန့်တွင် ‌သေနတ်သံများကြားခဲ့ကြပြီးနောက် ယနေ့ နံနက်ဆွတ်‌အောင်‌ရွာထိပ် တံတားအောက် လူငယ်လေးဦး လက်နောက်ပြန်ကြိုးသုတ်ပစ်သတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းများကို‌ တွေ့ရှိသည့် မျက်မြင်တွေ့သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“ဆွတ်အောင်ကျေးရွာက သုဿန်နဲ့ ဆွတ်အောင်ရွာကြားမှာတံတားရှိတယ် အဲ့ဒီတံတားမှာ ညက၈ နာရီလောက်မှာပစ်သတ်သွားတာ လူငယ်အသက် ၂၀- ၃၀ ဝန်းကျင်‌လောက်ရှိမယ် လေးဦးစလုံးကို ခေါင်းတွေကိုတေ့ပစ်ထားတာ”ဟု မျက်မြင်တွေ့သူအမျိုးသားတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသည့် လူငယ်လေးဦးအား မည်သည့်အဖွဲ့အစည်းမှ ပစ်သတ်သွားသည်ကို မသိရှိသေးကြောင်းနဲ့ ရုပ်အလောင်းပိုင်ရှင်များကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ရုပ်အလောင်းသွားကောက်သည့် လူမှုကူညီရေးအသင်းတစ်ခုမှ သိရသည်။

“သူတို့ရဲ့အလောင်းတွေတော့ ကောက်တော့ကောက်လာပြီ အဲ့ဒီသတ်ခံရတဲ့လေးယောက်က ဘယ်သူတွေဘယ်ဝါတွေဘာမှ မသိရသေးတာ အခုရွာတွေမှာတော့ လူပျောက်တွေစုံစမ်းခိုင်းထားတာတော့ရှိတယ် ခုထိတော့သတင်းပေးလာတာမရှိသေးဘူး”ဟု ရုပ်လောင်းသွားကောက် သည့် မမုံကျေးရွာမှ လူမှုကူညီရေးအသင်းနဲ့ရင်းနှီးသူတစ်ဦး က ပြောသည်။

အဆိုပါ ရုပ်အလောင်းများကို ဖားကန့်ရင်ခွဲရုံသို့ ပို့ဆောင်နေကြောင်းသိရပြီး သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button